Skip to main content

မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ်ပညာသင်ဆုများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၉

မြန်မာ-ဂျပန်အသင်း (MJA) သည် မြန်မာ နိုင်ငံတက္ကသိုလ် ရှစ်ခုမှ ပညာရည်ထူးချွန်ပြီး တက္ကသိုလ်ပညာသင်စရိတ် အခက်အခဲရှိသော ဒုတိယနှစ် ကျောင်းသား ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်နိုင်ရေးအတွက် “မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ် ပညာသင် ဆုအစီအစဉ်-၂၀၂၀” အဖြစ် အဆိုပြုလွှာများ ခေါ်ယူခဲ့သည်။

တက္ကသိုလ်အသီးသီးမှ ပဏာမ စိစစ်ပေးပို့ လာသည့် တက္ကသိုလ်ပညာသင်ဆု အဆိုပြုလွှာများအား အသင်း၏ တက္ကသိုလ်ပညာသင်ဆု စိစစ်ရွေးချယ်ရေးကော်မတီက စိစစ်ပြီး ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (ဂျပန် ဘာသာအဓိက) ၁၅ ဦး၊ မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ် (ဂျပန်ဘာသာအဓိက) ၁၅ ဦး၊ ပညာရေးတက္ကသိုလ် (ရန်ကုန်) ၁၅ ဦး၊ ပညာရေး တက္ကသိုလ် (စစ်ကိုင်း) ၁၀ ဦး၊ စီးပွား ရေးတက္ကသိုလ်(ရန်ကုန်) ၁၀ ဦး၊ နည်းပညာ တက္ကသိုလ် (ရန်ကုန်) ခုနစ်ဦး၊ ယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ငါးဦးနှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်) ငါးဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၈၂ ဦးအား တက္ကသိုလ်အလိုက် ပညာသင်ဆုရွေးချယ်ခဲ့ ကြောင်း၊ ပညာသင်ဆုရရှိသူ ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ၂၀၂၀ စာသင်နှစ်အတွက် ငွေကျပ် ငါးသိန်းစီ ထောက်ပံ့ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများအား ပညာသင်ဆုထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ အင်းလျား လမ်း စိမ်းလန်းစိုပြည်ဂါးဒင်း၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ မြန်မာ-ဂျပန် အသင်းဥက္ကဋ္ဌနှင့် အသင်းအလုပ်အမှုဆောင်များ၊ သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ တက္ကသိုလ်ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ၊ မြန်မာ-ဂျပန်အသင်း၏ ပညာရည် ထူးချွန်ဆု (၂၀၁၄-၂၀၁၈)ရ ကျောင်းသား ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာ-ဂျပန်အသင်း ဥက္ကဋ္ဌ ဦးစောလှမင်းက အသင်း၏ တက္ကသိုလ်ပညာသင်ဆု ပေးအပ်ချီးမြှင့်ရသည့် ရည်ရွယ် ချက်နှင့် အစီအစဉ်အား ရှင်းလင်းပြောကြား ပြီး ရန်ကုန်နယ်မြေတက္ကသိုလ် ခြောက်ခုမှ တက္ကသိုလ်ပညာသင်ဆုရ ကျောင်းသား ကျောင်းသူ ၅၇ ဦး တွက် ပထမအရစ် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၁၇၁ သိန်းကို ကျောင်းသား ကျောင်းသူများသို့ တစ်ဦးချင်း ပေးအပ်သည်။ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ တက္ကသိုလ်ပညာသင်ဆုရ ကျောင်းသား ကျောင်းသူ ၂၅ ဦးအတွက် ပထမအရစ် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၇၅ သိန်းကို ဖေဖော်ဝါရီ ၈ ရက်တွင် မန္တလေးမြို့ LINK 78 Hotel ၌ အသင်းဥက္ကဋ္ဌနှင့်အဖွဲ့က လက်ရောက် တစ်ဦးချင်း ပေးအပ်သည်။ ပထမနှစ်ဝက် စာမေး ပွဲများ ဖြေဆိုအောင်မြင်ပြီးချိန်တွင် ဒုတိယအရစ် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် နှစ်သိန်းစီကို ဆက်လက်ပေးအပ် သွားမည်ဖြစ်သည်။

ရန်ကုန်မြို့၌ ပြုလုပ်သည့် ပညာသင်ဆု ပေးအပ်ပွဲအခမ်းအနားတွင် မြန်မာ-ဂျပန် အသင်း၏ ပညာရည်ထူးချွန်ဆု (၂၀၁၄-၂၀၁၈) ရ ကျောင်းသား ကျောင်းသူဟောင်း ၅၂ ဦးလည်း တက်ရောက်ခဲ့ပြီး “MJA Students Reunion Tour – 2019” အတွက် “Personal and Professional Development ” ခေါင်းစဉ် ဖြင့် တစ်ဦးချင်း အစီရင်ခံစာတင်သွင်းမှုအပေါ် အကောင်းဆုံးဆုရရှိသည့် ကျောင်းသားကျောင်းသူ ငါးဦးအား အသင်းတာဝန်ရှိသူများက ဆုများ ချီးမြှင့်သည်။

ရန်ကုန်မြို့၌ ပြုလုပ်သည့် အခမ်းအနားတွင်ပင် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ပြုလုပ် မည့် “နွေရာသီ အပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ ၂၀၂၀” (BRIDGE Summer Camp– 2020, Japan) သို့ Junior Ambassador အဖြစ် ပါဝင်တက်ရောက်ရန် မြန်မာ-ဂျပန်အသင်းက ဦးစီးတာဝန်ယူ ရွေးချယ်ပေးခဲ့သည့် ကျောင်းသားနှစ်ဦးနှင့် ကျောင်းသူနှစ်ဦးပေါင်းလေးဦးတို့အား မြန်မာ-ဂျပန်အသင်း တာဝန်ရှိ သူများက ဆုပေးအပ်ချီးမြှင့်သည်။

အခမ်းအနားတွင် မြန်မာ-ဂျပန်အသင်း ဥက္ကဋ္ဌ ဦးစောလှမင်း၏ “ကျွန်တော်၏ သံတမန် ခရီး” စာအုပ်များကို တက္ကသိုလ်ရှစ်ခုမှ စာကြည့်တိုက်များအတွက် သက်ဆိုင်ရာ တက္ကသိုလ် ကိုယ်စားလှယ်များထံသို့ စာရေးသူကိုယ်တိုင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။

သတင်းစဉ်