နေပြည်တော် ဖေဖော်ဝါရီ ၁၀
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ညနေပိုင်းက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က လယ်ယာ မြေကို အခြားနည်း အသုံးပြုဆောင်ရွက်ခြင်းကြောင့်နှင့် မြို့ရွာများ တိုးတက်ဖွံ့ဖြိုးလာမှု၊ စက်ရုံအလုပ်ရုံများ တိုးချဲ့ ဆောက်လုပ်မှုကြောင့် နိုင်ငံတော်၏ ကုန်ထုတ် စွမ်းအား တိုးတက်မြင့်မားမှုများရှိလာသလို လျော့နည်းဆုံးရှုံးသွား သည့် လယ်ယာမြေများအတွက် အစားထိုးဖော်ထုတ်နိုင်ရေးအတွက် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများမှ စိုက်ပျိုးမှု တည်ငြိမ်မှုရှိလာသောမြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲခြင်းဆိုင်ရာများအား ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးခွင့် တင်ပြလာခြင်းများအား အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်စပါးဖူလုံမှုကို ထိခိုက်မှုမရှိလျှင် စိစစ်ပြီး ဥပဒေနှင့်အညီ ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီတွင် ဆွေးနွေးပြီးဖြစ်ရာ ယခင်လယ်ယာမြေဥပဒေ၏ ပြင်ဆင်ရန် လိုအပ်သောပုဒ်မများကို ပြင်ဆင်နိုင်တော့မည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးကိစ္စရပ်များ အတွက် ကြန့်ကြာမှုမရှိစေဘဲ အထောက်အကူပြုနိုင်ရေး တို့အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အစည်းအဝေးများမှ တဆင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအလိုက တင်ပြရာ အစည်းအဝေးတက် ရောက် လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ အား ၂၀၁၂ခုနှစ် သြဂုတ်လတွင် ပြဌာန်းပြီး စတင်ကျင့်သုံး၍ ၂၀၁၃ ခုနှစ်တွင် တောင်သူလယ်သမားများသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)များ ထုတ်ပေးနိုင်ရေးအတွက် စီမံကိန်း စတင် အကောင်အထည်ဖော်စဉ် က ဧရိယာပေါင်း(၂၈၁၂၅၇၃၅)ဧက ဖြစ်ပြီး ဦးပိုင်ပေါင်းမှာ (၁၀၅၅၄၃၂၆) ခန့်မှန်း လျာထား ခဲ့ကြောင်း၊ အဆိုပါလျာထားချက်အရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ(၃၁)ရက်အထိ ပုံစံ(၇) ပေးအပ်နိုင်မှုမှာ (၂၅၄၅၁၅၀၈)ဧက ၊ ဦးပိုင်ပေါင်း(၉၉၁၆၇၆၂)ဖြစ်၍ (၉၃ ဒသမ ၉၆ ရာခိုင်နှုန်း) ပေးအပ်နိုင်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းများ အရှိန်အဟုန်ကောင်းစွာရရှိခဲ့ပြီး ထုတ်ပေးရန် ကျန်ရှိနေသည့် ဧရိယာများကိုပြန်လည်သုံးသပ်ရာ၌ ၂၀၁၃ခုနှစ် စတင် လျာထားစဉ်က မြေပြင်၌ စိုက်ပျိုးလုပ်ကိုင်မှုရှိနေသော်လည်း တည်ဆဲဥပဒေများအရ ပုံစံ(၇)ထုတ် ပေး၍ မရနိုင်သော သစ်တောမြေများ၊ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ၊ အခြားမြေများနှင့် လုံခြုံရေးကန့်သတ်ချက်ရှိပြီး ယနေ့တိုင်သွား ရောက် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့် မြေများပါရှိနေကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါမြေများအား ဖယ်ထုတ်လိုက်ပါက လက်ရှိအနေအထားအရ ပုံစံ(၇)အမှန်ထုတ်ပေး နိုင်မည့်ဧရိယာမှာ (၂၅၈၄၃၇၄၈)ဧကသာဖြစ်ပြီး ဦးပိုင်ပေါင်း (၁၀၀၈၈၁၃၈)ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ယခုအခြေအနေ၌ တောင်သူလယ်သမား များသို့ ပုံစံ(၇)ထုတ်ပေးပြီးစီးသည့်အခြေအနေမှာ (၉၈ ဒသမ ၃၀ ရာခိုင်နှုန်း)ခန့်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)