မြိတ် ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ လေ့လာရေးခရီးစဉ် ရောက်ရှိနေကြသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲ များနှင့် ၎င်းတို့၏ဇနီး/ခင်ပွန်းများ ပါဝင်သော သံတမန်လေ့လာရေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အမြန်ရေယာဉ်ဖြင့် မြိတ်ကျွန်းစုရှိ ကျွန်းများအား သွားရောက်ကြည့်ရှု လေ့လာကြသည်။
ရှေးဦးစွာ သံတမန်လေ့လာရေးအဖွဲ့သည် သယောသဏ္ဍန်ကြီးကျွန်းရှိ မြန်မာ အတ္တလန်တစ်ကုမ္ပဏီ ပုလဲမွေးမြူရေးစခန်းသို့ ရောက်ရှိရာ ပုလဲမွေးမြူရေးစခန်း တာဝန်ခံ ဦးစောထဲလာ က ပုလဲမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သံတမန်လေ့လာရေးအဖွဲ့သည် မုတ်ကောင်သားပေါက်ခန်းနှင့် ဝတ်ဆံသွင်း ခန်းမတွင် မုတ်ကောင်အတွင်း ဝတ်ဆံသွင်းနေမှုအား ကြည့်ရှုလေ့လာကြသည်။
ထိုမှတဆင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကြားတွင် ရေပန်းစား လူကြိုက်များပြီး ဧရိယာအားဖြင့် (၅၅ ဒသမ ၀၆)ဧကခန့်ရှိကာ တောတောင်ထူထပ်၍ ကျွန်း၏မြောက်ဘက်ပိုင်းတွင် ပေ(၄၀၀၀)ခန့်ရှည်လျားသော ကျောက်စရစ်ကမ်းခြေ တစ်ခုနှင့် တောင်ဘက်တွင် ပေ(၆၀၀)ခန့်ရှည်လျားကာ သဲဖြူကမ်းခြေ(၃)ခုတည် ရှိသည့် မြိတ်မြို့မှ ရေမိုင် (၅၆)မိုင်ခန့် ကွာဝေးသော စမတ်ကျွန်းသို့ ရောက်ရှိကြပြီး သဘာဝ ကမ်းခြေအလှအပများကို ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ ဒုံးညောင်မှိုင်းကျေးရွာရှိ ဆလုံလူမျိုးများ၏ လူမှုဘဝနေထိုင်မှုများ ကို သွားရောက်လေ့လာကြရာ ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းငွေ ကျပ်နှစ်သိန်းကို လှူဒါန်းပေးအပ်ပြီး သံတမန်များ စုပေါင်းလှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၅၆၈) ဒေါ်လာနှင့် မြန်မာ ကျပ်ငွေ (၁၃၂၈၀၀၀)ကို သံတမန်အဖွဲ့နာယက မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ နိုင်ငံသံအမတ်ကြီးက ပေးအပ်လှူဒါန်းသည်။ ထို့နောက် အမြန်ရေယာဉ်ဖြင့် ကျွန်းများ အား လှည့်လည်ကြည့်ရှုလေ့လာကာ မြိတ်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့သည် မြိတ်လေဆိပ်မှ မြန်မာ့အမျိုးသား လေကြောင်းလိုင်းဖြင့် ညနေ(၄)နာရီ(၁၅)မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )