Skip to main content

မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ ပေးအပ်ခဲ့သော သင်တန်းများအတွက် သင်တန်းဆင်းလက်မှတ် ပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၀

မြန်မာ-ဒိန်းမတ် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ ပေးအပ်ခဲ့သော သင်တန်းများအတွက် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံရှိ ပြည့်ဖြိုးမြဲစွမ်းအင် အရင်း အမြစ်များကို ထိရောက်စွာအသုံးချ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက် စွမ်းအင်ပေါင်းစပ်မှု အချိုးတွင် ပြန်ပြည့်မြဲ စွမ်းအင်ကို တိုးမြှင့်အသုံးချနိုင်ရေး ရည်မှန်း ဆောင်ရွက်လျက်ရှိရာ မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံအကြား Memorandum of Understanding between Ministry of Electricity and Energy, the Republic of the Union of Myanmar and the Embassy of Denmark in Yangon for Myanmar-Denmark Twinning Program on Renewables ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပါကြောင်း။

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီကို ၂၀၁၉ ခုနှစ်၊ ဖေဖော် ဝါရီ (၆) ရက်တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားရရှိမှုမှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ၅၀ ရာခိုင်နှုန်းကျော်အထိ ဖြန့်ဖြူးပေးထားနိုင်ပြီဖြစ် ကြောင်း၊ ၂၀၃၀ ပြည်နှစ်တွင် တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရည်မှန်းချက်ထား အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် ပြည်တွင်းရှိ ရနိုင်သမျှသော စွမ်းအင်အရင်းအမြစ်များ ကိုသုံးစွဲ၍ ဓာတ်အားထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အလွန်နည်းသည့် ပြန်ပြည့်မြဲ စွမ်းအင်ပါဝင်မှု အချိုးကိုလည်း တိုးမြှင့်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အတွင်း နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် အခြားသော ပြန်ပြည့်မြဲစွမ်းအင် အရင်း အမြစ်များရှိသည့်အနက်  နေရောင်ခြည် စွမ်းအင်မှ ပထမဆုံး Utility Scale အဖြစ် မင်းဘူး ဒေသတွင် ၄၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ  ထုတ်လုပ်သည့် ဓာတ်အားကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်း ဆောင်ရွက်ရာ၌  ပြန်ပြည့်မြဲစွမ်းအင် ပါဝင်မှုအချိုးကိုလည်း တိုးမြှင့်နိုင်ရန် ရည်မှန်းဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အရင်းအမြစ်များစွာရှိသဖြင့် ဒိန်းမတ်နိုင်ငံမှ ပေးအပ်သည့် သင်တန်းများ အလိုက် တက်ရောက်ခဲ့ကြသည့် အင်ဂျင်နီယာ နှင့် ဘဏ္ဍာရေး သင်တန်းသား/ သူများအနေဖြင့်  သင်တန်းခေါင်းစဉ်များအလိုက် ဗဟုသုတ၊ အတွေ့အကြုံကောင်း များစွာ ရရှိခဲ့ကြောင်း၊ အနာဂတ်ကာလတွင် လေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာ၌ အထောက်အကူ များစွာရရှိခဲ့ကြောင်း၊ သင်တန်းပို့ချပေးခဲ့မှု အတွက် ဒိန်းမတ်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ နှင့် World Wide Fund- Myanmar (WWF) တို့အား ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး John Nielsel က နားလည်မှုစာချွန်လွှာ (MOU) အရ ပေးအပ်ခဲ့သည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အဆင့်မြင့် ဘာသာရပ်သင်တန်း တက်ရောက်ခဲ့သူ (၂) ဦး၊ ဒုတိယဝန်ကြီးများက လုပ်ငန်းခွင်လက် တွေ့လေ့လာဆောင်ရွက်ခဲ့မှု၊ စီမံကိန်းများ ကြိုတင် ဆန်းစစ်မှု၊ စီမံကိန်း အကောင်အထည် ဖော်မှုဆိုင်ရာသင်တန်း တက်ရောက်ခဲ့သူ (၁၂) ဦး အားလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး John Nielsel နှင့် World Wide Fund- Myanmar မှ Country Director, Mr. Nicolas Cox တို့က လေအား လျှပ်စစ် နည်းစနစ်စံနှုန်းများနှင့် လျှပ်စစ် ကွန်ရက်စနစ်၊ လေအားလျှပ်စစ်စီမံကိန်း/ ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်မှုဘာသာရပ်သင်တန်း တက်ရောက်ခဲ့သူ (၁၈) ဦးအား လည်းကောင်း သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

 (သတင်းစဉ်)