နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်၊ နံနက် (၁၁) နာရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့၊ နံနက် (၁၁:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် 2019 Noval Conoravirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၄/၂၀၂၀) သို့ တက်ရောက် ခဲ့ပါသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် -
• ရောဂါကူးစက်ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်ခြင်းနှင့် ရောဂါကူးစက်မှု သံသယလက္ခဏာရှိသူများကို စောစီးစွာ ထောက်လှမ်း ရှာဖွေခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ နှီးနွှယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ အားလုံးက ချိတ်ဆက်မှုအား ကောင်းစွာဖြင့်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း၊
• ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာကွန်ရက်များ ချိတ်ဆက်ဆောင်ရွက်မှုများဖြင့် ရောဂါကူးစက်မှု သံသယရှိသူတစ်ဦးကို ယမန်နေ့က ထောက်လှမ်းရှာဖွေနိုင်ခဲ့ရန် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊
• ရောဂါဖြစ်ပွားသူများ ရုတ်တရက်များပြားစွာ ပေါ်ပေါက်လာပါက ၎င်းတို့အား အချိန်နှင့်တစ်ပြေးညီ စောစီးစွာဖြင့် အရည်အသွေးပြည့်ဝသည့် ကုသမှုများပေးအပ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားမှုများ ကို ဆက်လက် အားဖြည့်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊
• ကုသရေး ကုထုံးဆိုင်ရာ ဆွေးနွေးမှုများ အချိန်နှင့်တစ်ပြေးညီပြုလုပ်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးပညာရှင်များ၊ ဆေးပညာရှင်များ၊ ကူးစက်ရောဂါကုသရေးပညာရှင်များ၊ ကပ်ရောဂါဗေဒပညာရှင်များ ပါဝင်ဖွဲ့စည်း ထားသော ဆက်သွယ်ရေးကွန်ရက် viber group အဖွဲ့ ဖွဲ့စည်းဆောင်ရွက်စေလိုပါကြောင်း၊
• ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာအချက်အလက် ပိုစတာနှင့် လက်ကမ်းစာစောင် များအား ဈေးများ၊ ဘတ်စ်ကားဂိတ်များ၊ ဘတ်စ်ကားများ စက်ရုံ၊ အလုပ်ရုံများနှင့် ဘုရားများတွင် ဖြန့်ဝေပေးနေမှုကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ဆက်လက် ဆောင်ရွက်စေလိုပါကြောင်း၊
• ရောဂါဖြစ်ပွားရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်သူများ နေထိုင်ရာ ရပ်ကွက်များတွင တရုတ်ဘာသာဖြင့် ပြုစုထားသော ကျန်းမာရေးအသိပညာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးသွားရမည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့်လည်း ထိုသို့ ကျန်းမာရေးအသိပညာအချက်အလက်များဖြန့်ဝေမှုနှင့် အသိပေး နှိုးဆော်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊
• ကျောင်းသား၊ ကျောင်းသူများတွင် ရောဂါကာကွယ်ရေးအသိပညာများရရှိကာ ၎င်းတို့မှ တစ်ဆင့် မိဘများ၊ မိတ်ဆွေသူငယ်ချင်းများကို ဖြန့်ဝေပေးနိုင်ရေးအတွက် ကျောင်းများတွင် ကျန်းမာရေးအသိပညာအချက်အလက် ပိုစတာ၊ လက်ကမ်းစာစောင်များ အထူးအလေးပေး ဆက်လက်ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊
• ရုပ်မြင်သံကြားလိုင်းများ၊ ရေဒီယိုလိုင်းများမှ ကျန်းမာရေးအသိပညာများကို တိုင်းရင်းသားဘာသာ စကားများနှင့်ပါ ဖြန့်ဝေပေးလျက်ရှိခြင်းသည် ကောင်းမွန်ပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုများအား မြန်မာ့ရုပ်မြင် သံကြားနှင့် သတင်းစာများတွင် ပုံမှန်ဖော်ပြနိုင်ရန်နှင့် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်သော သတင်းများအား စဉ်ဆက်မပြတ် ထုတ်လွှင့်ရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊
• သတင်းများထုတ်ပြန်ရာတွင် ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ပျံ့နှံ့မှုအခြေအနေများအား နားလည်လွယ်ကူသော Dashboard ဖြင့် ဖော်ပြရန်နှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ထူးခြားဖြစ်စဉ် သတင်းများကို ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာမှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ Transparently သတင်းပေးပို့နေခြင်းဖြစ်သည့်အတွက် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် အများပြည်သူများအနေဖြင့်လည်း နေ့စဉ်ဖတ်ရှုစေလိုကြောင်း၊ သတင်းမီဒီယာများပေါ်သို့ ရောက်ရှိပျံ့နှံ့ လာသည့် သတင်းမှားများအား ချင့်ချိန်လက်ခံရန်လိုအပ်ကြောင်း၊
• အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်၍ ကျန်းမာရေးအသိပညာများ ဆက်လက်ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊
• ယခုကာလအတွင်း လူစုလူဝေးများပြားရာ နေရာများကို တတ်နိုင်သမျှရှောင်ကြဉ်ကြရန် အသိပေးနှိုးဆော်ကြရ မည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှု များကိုလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ထားရှိထားပါကြောင်း၊
• တိုင်းဒေသကြီး/ပြည်နယ် အဆင့် ကျန်းမာရေးဌာနမှ ကောင်းမွန်သည့်လုပ်ဆောင်ချက်များကို အခြား တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများအနေဖြင့် မိမိတို့ နေရာဒေသနှင့်ကိုက်ညီစွာဖြင့် လိုက်လံဆောင်ရွက်စေလိုပါကြောင်း၊
• ဆေးရုံများတွင် ရောဂါကုသရေးကြိုတင်ပြင်ဆင်ထားရှိရန် ထပ်မံလိုအပ်သည်များကို အမြန်ဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊
• တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်းပေးပို့မှုများကိုလည်း ပြန်ကြားပေးပို့အကြောင်းကြားခြင်း feedback ကို ဆောင်ရွက်စေလိုပါကြောင်း၊
• ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအခြေအနေများတွင် ကုန်သွယ်ရေး နှင့် ကူးသန်းသွားလာမှု (Travel and Trade) များထိခိုက်သဖြင့် မိမိတို့ပြည်သူများ ထိခိုက်မှု (Impact) နည်းစေရန်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊
• ဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပြည်သူများအကျိုးအတွက် ဝိုင်းဝန်းကြိုးပမ်းနေမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာနခွဲ၊ ကုသရေး၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည့် ဌာနခွဲနှင့် ကဏ္ဍများမှ တာဝန်ရှိသူများက -
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊
• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာကူးစက် ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊
• အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ် ဝင်ထွက်ပေါက်များမှ ဝင်ထွက်သွားလာမှု စာရင်းဇယားများနှင့် ရောဂါ စောင့်ကြပ် ကြည့်ရှုဆောင်ရွက်မှုအချက်အလက်များ၊
• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသောရောဂါစောင့်ကြပ် ကြည့်ရှုရေးဆောင်ရွက်နေမှုနှင့် သတင်းပေးပို့ နေမှုအခြေအနေများ၊
• သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊
• ကျန်းမာရေးအသိပညာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနေမှု၊
• ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါအချက်အလက် များ စုစည်းထားရှိမှု၊ အလွယ်တကူကြည့်ရှုနိုင်ရန် Dashboard ကို ပြုလုပ်နေမှု၊
• ဆေးနှင့် ဆေးပစ္စည်းများစုဆောင်းထားရှိမှု၊ ရရှိမှု၊ခွဲဝေဖြန့်ဖြူးထားမှုအခြေအနေများ စသည်တို့ အပါအဝင် နောက်ဆုံး သတင်းအချက် အလက်များကိုတင်ပြခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ဝယ်ယူဖြန့်ဖြူးရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ကျန်းမာရေးသတင်း အချက်အလက်)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး နှင့် ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြု ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Ref: Ministry of Health and Sports, Myanmar