နေပြည်တော် ဖေဖော်ဝါရီ ၁၀
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ယင်းနေ့နံနက်ပိုင်းတွင် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖွင့်ပွဲကျင်းပမည်ဖြစ်ရာ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသမှုကို ပြန်ကြားရေးဝန်ကြီးဌာနက ပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ခင်းကျင်းပြသရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ၊ ရဲဘော်သုံးကျိပ်နှင့် တပ်မတော်သား ဘဝ၊ နိုင်ငံရေးသမားဘဝ၊ မိသားစုဘဝနှင့် နိုင်ငံခြားခရီးစဉ်ဓာတ်ပုံများအပြင် ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဖွဲ့ဆိုထားသည့် ကဗျာအပါအဝင် စာအုပ်စာစောင်များဖြင့် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ရက်အထိနေပြည်တော်ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်ရှိ သပြေကုန်းအဝိုင်းအနီးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင် နေပြည်တော်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ စီစဉ်ကျင်းပ မည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ကျပန်း စကားပြောနှင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြိုင်ပွဲဆုပေးပွဲ အခမ်းအနားတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသား မှတ်တမ်းတင်ထားသည့် စာအုပ်များကို ပြန်ကြားရေး ဝန်ကြီးဌာနကလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းဝင်စာရွက်စာတမ်းများ၊ မှတ်တမ်းဓာတ်ပုံများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနက လည်းကောင်း ပူးပေါင်း၍ခင်းကျင်းပြသသွားမည် ဖြစ်သည်။
ထို့အတူ နေပြည်တော်ကောင်စီမှ ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းတွင် မြို့တော်ခန်းမအနီးရှိ လဟာပြင် ဇာတ်ရုံ၌ ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဧည့်ခံဖျော်ဖြေပွဲတွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အလားတူပြခန်းများကို ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲလင်းမြင့်(ပြန်/ဆက်)