Skip to main content

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၀

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၄) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန် မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အဖွင့်အမှာစကားပြောကြားရာ၌ ( မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ဖြတ်သန်းခဲ့မှုသည် ဆယ်စုနှစ် တစ်စုသို့ ရောက်ရှိ လာပြီဟု ပြော၍ရကြောင်း၊ မိမိတို့ နိုင်ငံရှိ ပြည်ထောင်စုသားအားလုံး မျှော်လင့်နေသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရဦးမည် ဖြစ်ကြောင်း၊ ယခု မိမိတို့၏ လွှတ်တော်ထဲမှနေ၍ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ နယ်ပယ်အသီးသီးတွင် ကြိုးပမ်း ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခုကို ဖြတ်သန်းသည့်နေရာတွင် လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း ပြောကြားသည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က အမှာစကားပြောကြားရာတွင် မိမိတို့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သည် ပြည်သူ့အခြေပြု ဥပဒေပြုမဏ္ဍိုင်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ (၄)နှစ်ပြည့်မြောက် ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးလွှတ်တော်သည် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဟူသော ဆောင်ပုဒ်နှင့်အညီဆောင်ရွက်ခဲ့ရာ ယနေ့ဆိုလျှင် ပြည်သူများအတွက် တာဝန် ထမ်းဆောင်ခြင်း (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားဟု ဆိုနိုင်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးလွှတ်တော်သည် ထိုဥပဒေပြု ရေး တာဝန်ကို ထမ်းဆောင်ရာတွင် ပြည်သူကို ဦးထိပ်ထားပြီး ပြည်သူ့အကျိုးကိုရှေးရှုကာ ကြိုးစားထမ်းဆောင်ခဲ့ကြောင်း၊ ကျန်ရှိသည့် လွှတ်တော်သက်တမ်းကာလတွင်လည်း ကြိုးကြိုးစားစား ထမ်းဆောင် သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဖလား  ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ပြီး လွှတ်တော်ဥက္ကဋ္ဌဖလား ဘောလုံး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကူညီပံ့ပိုးပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှကျောင်းသား ကျောင်းသူများက အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေကြ ပြီး အခမ်းအနားသို့ တက်ရောက်လာ ကြသူများသည် ညစာကို အတူတကွ သုံးဆောင်ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

သတင်းနှင့်ဓာတ်ပုံ - ဇော်ကြီး