Skip to main content

(၇၂) နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနား ဘားအံ၌ကျင်းပ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တက်ရောက်

ဘားအံ  ဖေဖေါ်ဝါရီ  ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၂) နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် သုမေဓါရာမကြားတောရဆရာတော် အရှင်စန္ဒာဝရ၊ ခရစ်ယာန် အသင်းတော် များကောင်စီမှ Rev. စောဗွိဒို့၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုံရင်းမြို့နယ်ဥက္ကဋ္ဌ မန်းထိန်လင်းတို့က ဆောင်ရွက်ကြပြီး ကရင်အမျိုးသားအလံတော်အား အလေးပြု၍ အခမ်းအနားကိုဖွင့်လှစ်သည်။

ရှေးဦးစွာ သဘာပတိ ကြားတောရဆရာတော် အရှင်စန္ဒာဝရက ဆုံးမဩဝါဒကထာ မြွတ်ကြား၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ကရင်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောခင်မောင်မြင့်က ကရင်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့လာသောသဝဏ်လွှာများကို ဖတ်ကြားကာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) တပ်မဟာမှူး စောဖောဒိုက သမိုင်းတစ်လျှောက် ကရင်အမျိုးသားများ ရုန်းကန် လှုပ်ရှား လာခဲ့ရပုံများနှင့် ကရင်အမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ပုံအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် ရုပ်သိမ်းသည်။

(၇၂) နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို ကရင်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓါတ် ရှင်သန်နိုးကြားရေး၊ သမိုင်းအစဉ်အလာ ကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက် နိုင်ရေး၊ အမျိုးသားနိုင်ငံရေး တည်ဆောက်ရာတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်လာစေရေးအတွက်  ဦးတည်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)