Skip to main content

(၇၃) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် (၅) ကီလိုမီတာအပြေးပြိုင်ပွဲ၊ ဆုပေးပွဲသို့ ပဲခူးတိုင်းဝန်ကြီးချုပ် တက်ရောက်အားပေး

ပဲခူး  ဖေဖော်ဝါရီ  ၁၁

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၆)နာရီအချိန်က တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Pocari Sweat Iron အားဖြည့်အချိုရည်တို့ ပူးပေါင်းပြီး  Myanmar Union Day Peace Run (၅) ကီလိုမီတာ အသက် (၁၅)နှစ်အောက် ကျား/မ အပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၊ အပြေးအားကစားကို စိတ်ပါဝင်စားသည့်ပြည်သူများ စုစုပေါင်း (၆၀၀) ဦးကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြေးအားကစားသမားများမှာ ပဲခူးမြို့၊ ဟင်္သာလမ်းရှိ ဟံသာဝတီ ဘောကွင်းရှေ့မှစတင်၍ ဟင်္သာလမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဗန္ဓုလလမ်း၊ ရန်ကုန်-မန္တလေး ကားလမ်း၊ ကျောက်တွင်းကုန်းလမ်း၊ မြို့တော်ခန်းမရှေ့လမ်း၊ ဟင်္သာကုန်းဘုရားလမ်း၊ သနပ်ပင် လမ်း၊ ရှင်စောပုလမ်းစသည့်လမ်းကြောင်းအတိုင်း အပြေးယှဉ်ပြိုင်သွားကြသည်။

ထို့နောက် ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး ပထမဆု ငွေကျပ် (၃) သိန်းနှင့် ဆုတံဆိပ်၊ ဒုတိယဆု ငွေကျပ် (၂) သိန်းနှင့်ဆုတံဆိပ်၊ တတိယဆု ငွေကျပ် (၁) သိန်းနှင့် ဆုတံဆိပ်တို့ကို ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးတို့က လည်းကောင်း၊ အဆင့် (၄) မှ အဆင့် (၅၀) အထိ ဆုများကို ဥပဒေချုပ်ဦးအုန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်မြင့်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း ဖိတ်ခေါ်ပြိုင်ပွဲများမှတဆင့် တိုင်းဒေသကြီး အားကစားအဆင့်အတန်း တိုးတက်လာစေပြီး နိုင်ငံ့လက်ရွေးစင်အား ကစားသမားများပေါ် ထွက်လာစေရန်၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စား၍ အားကစားစိတ်ဓါတ်မှ အမျိုးသားရေးစိတ်ဓါတ်သို့ ပြောင်းလဲသဘောထားလာစေရန် ရည်ရွယ်ကာ (၇၃) နှစ်မြောက် ပြည်ထောင်စု နေ့ကိုကြိုဆို ဂုဏ်ပြုသည့် အနေဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)