Skip to main content

၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြန်မာ့ရိုးရာလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မုံရွာမြို့ ကန်သာယာ ကျောက်တိုင်ကျွန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပ

မုံရွာ၊ ဖေဖော်ဝါရီ ၁၁

၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြန်မာ့ရိုးရာလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာ ကျောက်တိုက်ကျွန်းတွင်  စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကန်သာယာကန်ကြီးအား သန့်ရှင်းသာယာလှပရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ကြောင့် ယခုအခါ ကန်သာယာကန်ကြီးဟာ ယခင်ကထက် သန့်ရှင်း သာယာလှပလာတာကို အားလုံးတွေ့ရမှာပါကြောင်း၊ အဲ့ဒီလို ဆောင်ရွက်မှုကြောင့် ပြည်သူများ အနားယူ အပန်းဖြေနိုင်တဲ့အပြင် အခုလို လှေပြိုင်ပွဲကို ကျင်းပပြုလုပ် ပေးနိုင်တာဖြစ် ပါ ကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် လှေလှော်ပြိုင်ပွဲကို ကျင်းပပေးနိုင်ခြင်း မရှိသည်မှာ ဆယ်စုနှစ် သုံးစုနီးပါးရှိပြီ ဖြစ်ပါကြောင်း၊ ဒါကြောင့်မို့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အားကစားနည်း တစ်ရပ်ဖြစ်တဲ့အတွက် ယခုနှစ်မှာ လှေလှော်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး နောက်နှစ်တွေမှာလည်း ယခုလို လှေလှော်ပြိုင်ပြွကို ကျင်းပ ပြုလုပ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မိမိတို့တိုင်းဒေသကြီးအနေနဲ့ နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် လှေလှော်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါကြောင်း၊ အဆိုပါပြိုင်ပွဲတွေကို အခုလို ကျင်းပပြုလုပ်တဲ့ လှေလှော်ပြိုင်ပွဲများမှ ထူးချွန်မျိုးဆက်သစ် အားကစားသမားများကို ရွေးချယ်လေ့ကျင့်ပေးပြီး စစ်ကိုင်းတိုင်းဒေသကြီးရဲ့ လှေလှော် အားကစား နည်း အဆင့်ကို ပြန်လည်မြှင့်တင် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊

ပြိုင်ပွဲကျင်းပရေးကော်မတီ အနေဖြင့် ပြိုင်ပွဲ စ၊ လယ်၊ ဆုံး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒိုင်လူကြီးများကလည်း တရားမျှတစွာ ကြီးကြပ်ဆောင်ရွက်ပေးကြရန်နှင့် ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြမဲ့ ပြိုင်ပွဲဝင် အသင်းများမှလည်း ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာကြရန် လိုအပ်ပါကြောင်း၊ အခုလို လှေလှော်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပေးကြတဲ့ ပြိုင်ပွဲဝင်အသင်းများကိုလည်း အထူးကျေးဇူး တင်ရှိပါ ကြောင်းနဲ့ နောက်နှစ်များမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ပေးဖို့အတွက် ဖိတ်ခေါ်ပါကြောင်း ” ပြောကြားသည်။

ဆက်လက်ပြီး မြန်မာ့ရိုးရာလှေပြိုင်ပွဲ မုခ်ဦးဆိုင်းဘုတ်အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး လှေလှော်ပြိုင်ပွဲဝင် အသင်း (၂၀)မှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လှေပြိုင်ပွဲ စတင်ယှဉ်ပြိုင် နေမှု တို့အား တက်ရောက်လာကြသော ဒေသခံ ပြည်သူများနှင့်အတူ ကြည်ရှုအားပေးခဲ့သည်။

အဆိုပါ လှေလှော်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ဖေဖော်ဝါရီ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်ပေးပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုနှင့် နှစ်သိမ့်ဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)