ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း တတိယအကြိမ် ထကြွရိုက်ခတ်လာမှုနှင့် အတူ ရောဂါပိုးကူးစက်ခံရသူအရေအတွက်၊ ပိုးတွေ့ ရာခိုင်နှုန်းတို့ မြင့်တက်လာသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ဝင်ရောက်မှု တစ်နှစ်ကျော်ခန့် ကြာမြင့်လာ သည့်အချိန်တွင် စီးပွားရေးထိခိုက်ခံစားရမှု တို့မှာလည်း သိသိသာသာဖြစ်လာသည်။ ကိုဗစ်-၁၉သည် ကမ္ဘာ့ကပ် ရောဂါဖြစ်သည့်အလျောက် နိုင်ငံတကာတို့တွင်လည်း ဤနည်းနှင်နှင် သာဖြစ်သည်။ သို့ရာတွင် နဂိုကအင်အား တောင့်တင်းသည့် နိုင်ငံမျိုး တို့မှာမူ မိမိတို့၏ အင်အားအလျောက် ခံနိုင်ရည်ရှိကြမည်ဖြစ်ပြီး အင်အားနည်းပါး သည့်နိုင်ငံ၊ ချည့်နဲ့သည့်နိုင်ငံမျိုးတို့မှာ ခံနိုင်ရည် လွန်စွာနည်းပါးကြမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါသည် ကျန်းမာရေးကိုသာ မဟုတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး စသည်ဖြင့် လူတို့နှင့် စပ် သမျှ ဆိုင်သမျှ အရေးအရာတို့အားလုံးတို့ကိုပါ ထိခိုက်ဖျက်ဆီးသည့် ရောဂါမျိုးဖြစ် သည်။ မြန်မာနိုင်ငံအနေဖြင့်မူ စီးပွားရေးကဏ္ဍတွင် အဘက်ဘက်မှ ထိခိုက်ခံစားနေရပြီး ပြည်တွင်းစီးပွားရေးကြီး၊ လက်၊ သေးတို့အားလုံးလုပ်ငန်းလည်ပတ်မှုများ လျှော့ချခဲ့ရသည်။ ကူးသန်း ရောင်းဝယ်မှုများ ကျဆင်းသွားပြီး ပြည်တွင်းစားသုံးနိုင်မှုအခြေအနေ မှာလည်း များစွာလျော့ကျသွားခဲ့သည်။ ပုဂ္ဂလိကကဏ္ဍမှ အလုပ် အကိုင်အများအပြား လျှော့ချခဲ့ရပြီး အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ၏ခန့်မှန်း ချက်အရလာမည့် ၂၀၂ခုနှစ်တွင်မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ခန့် ဆင်းရဲမွဲတေမှုနှင့် ကြုံတွေ့လာရနိုင်သည်ဟု ဆိုထားသည်။
ယခုအခါ ကိုဗစ်-၁၉ ကတိယလှိုင်းနှင့်အတူ မြို့နယ်အချို့တို့တွင် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ချမှတ်ကာ အသွားအလာကန့်သတ်တားဆီးမှုတို့ ပြုလုပ်ရပြန်ပြီဖြစ်သည်။ မတားဆီး၍လည်းမဖြစ်။ ပြည်တွင်း၌တွေ့ရှိနေရပြီဖြစ်သည့် မျိုးရိုး ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများက ပိုမို၍ကူးစက်ပျံ့နှံ့နိုင်သလို ပိုမို၍လည်း ပြင်းထန်နိုင်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ်မှုများကို လျင်လျင်မြန်မြန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှသာ ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ ယခုအခါ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်း၊ ဈေးများ ပြန်လည်ရောင်းချ ခွင့်ပြုထားခြင်း၊ စားသောက်ဆိုင်များ ဆိုင်ထိုင်စား သောက်ခွင့်ပြု ထားခြင်း စသည်တို့က ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာထားရသည့် ပညာရေး၊ စီးပွားရေးတို့ကို အထိုက်အလျောက်ကုစားနိုင်မည်ဖြစ် သော်လည်း လူစုလူဝေးများဖြစ်ပေါ်နေစေပြီး ပိုမိုပြင်းထန်ကူးစက် မြန်သည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးကို ဖြန့်ဝေသည့် ဆုံရပ် များသဖွယ်ဖြစ်လာနိုင်သည်ကို သတိပြုရ မည်ဖြစ်သည်။
ကိုဗစ်-၁၉ကပ်ရောဂါသည် ကမ္ဘာပေါ်တွင်ရော မိမိတို့နိုင်ငံတွင် ပါ အချိန်ကြာကြာ ဆက်လက်တည်ရှိနေဦးမည်ဟု သုတေသီများက ခန့်မှန်းထားရာ ရောဂါကူးစက်ပျံ့နှံ့မှုကာကွယ်တားဆီးရေးကို အထူး ဝါယမစိုက်ထုတ်ကြ ရမည့် နည်းတူ တစ်ချိန်တည်းမှာပင် စီးပွားရေး၊ လူမှုရေးစသည့် ဘက်ပေါင်းစုံတွင် ထိခိုက်ခံစားကြရသည်များကို လျင်လျင်မြန်မြန်ကုစားနိုင်ရေးအတွက်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတွင် လူဦးရေအရ အများစုဖြစ်သည့် ကျေးလက်နေပြည်သူများနှင့်ကုန်ဈေးနှုန်းမြင့်တက် မှုဒဏ်ကို ခံနိုင်ရည် နည်းပါးသည့် ဝင်ငွေနည်း ပြည်သူများအတွက် အထောက်အကူပြုနိုင်ရေး၊ ရေရှည်ရှင်သန်ရပ် တည်နိုင်ရေး အစီအမံ များ ချမှတ်ဆောင်ရွက်ကာ အားနည်းသူ ဝိုင်းဝန်းထူထောင်ရေးကို အလေးပေးကြရမည်ဟု ယုံကြည် မိပါကြောင်း။