မြန်မာနိုင်ငံတွင် ရေချိုငါးလုပ်ငန်းနှင့် ရေငန်ငါးလုပ်ငန်းဟူ၍ ငါး ပုစွန် ဖမ်းဆီးထုတ်လုပ်သည့် လုပ်ငန်းနှစ်မျိုးရှိရာ ယခုအခါ အဆိုပါ ငါးလုပ်ငန်းနှစ်မျိုးစလုံး၌ပင် ငါး ပုစွန်သယံဇာတများ ရှားပါးလျော့နည်းလာနေသည်ဟု သိရသည်။ ငါး ပုစွန်သယံဇာတ ရေရှည်တည်တံ့ ဖွံ့ဖြိုးစေရန်အတွက် ရေချို ရေငန်ငါးလုပ်ငန်းများကို ငါးမဖမ်းရရာသီ သတ်မှတ်ကာ ထိန်းသိမ်း လျက်ရှိသည်။
မြန်မာ့ပင်လယ်ပြင်ရှိ ငါးသယံဇာတ ရေရှည်ဖွံ့ဖြိုးရေးနှင့် မျိုးကောင်းမျိုးသန့်ငါးများ ရေရှည် တည်တံ့စေရေးအတွက် ပင်လယ် ပြင် ငါးမဖမ်းရရာသီကို ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလ သတ်မှတ်ခဲ့ရာမှ ယခုနှစ်တွင် ရှေ့သို့တစ်လတိုးကာ မေ၊ ဇွန်၊ ဇူလိုင်ဟူ၍ သုံးလ သက်မှတ် ထားသည်။ ပင်လယ်ပြင်တွင် ငါးပေါက်ပွားမှု အများဆုံးလ များအတွင်း မျိုးငါးများနှင့် ငါးသားပေါက်များကို ထိန်းသိမ်းသည့် အနေဖြင့် ငါးမဖမ်းရရာသီ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ကစ်စိတ် ကစ်ပိုင်း ရာခိုင်နှုန်းအချို့ ဖမ်းဆီးခွင့်ပြုခဲ့ရာမှ ၂၀၁၈၊ ၂၀၁၉ခုနှစ် ငါးဖမ်း ရာသီတွင် လုံးဝပိတ်ပင်တားဆီးခဲ့ရာ ငါးဖမ်းရာသီပြီးဆုံး၍ ငါးပြန်လည်ဖမ်းဆီးခွင့် ရကြသည့် အခါ ကိုးတက်မှုများ ရရှိခဲ့သည်ကို ကွေ့ရသည်။ ငါးကြီး ငါးကောင်းများ အထိအမိ များခဲ့ ကြောင်း ငါးလုပ်ငန်းလုပ်ကိုင်သူများက ပြောကြားခဲ့ကြသည်။
ပင်လယ်ပြင် ငါး ပုစွန်သယံဇာတများ ရှားပါးရခြင်း၏အကြောင်း ရင်းမှာ အဓိကအားဖြင့် လူတို့၏ မဆင်ခြင်မှု၊ လောဘကြီးမှုတို့ကြောင့် ဖြစ်သည်။ အလွန်အကျွံငါးဖမ်းဆီး ထုတ်လုပ် ခြင်း၊ ငါးပေါက် ပွားသည့် ရာသီတွင် ငါးဖမ်းဆီးခြင်း၊ မိုင်းခွဲ၍ ငါးဖမ်းခြင်း၊ သက်မှတ် ပိုက်များဖြင့် မဖမ်းဘဲ နှစ်ထပ်ပိုက်ကဲ့သို့သော ပိုက်များဖြင့် ဖမ်းဆီး ခြင်းတို့ကြောင့် ငါးသယံဇာတသည် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း နှစ် ပေါင်း ၃၀ ကာလအတွင်း ငါးထုတ် လုပ်ခွင့်ပြုနိုင်မှုတန်ချိန် ၁ ဒသမ ၀၅ သန်းမှ ဝ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် လုံးဝငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာတို့ သတ်မှတ် ဆောင်ရွက်ခဲ့သည့်အခါ ရလဒ်ကောင်းများ ထွက်ပေါ်လာ သည်ကို တွေ့မြင်ရသည်။
ထို့အတူ ကုန်းတွင်းပိုင်းရှိ ရေချိုမြစ်ချောင်းအင်းအိုင်များတွင် လည်း အကြောင်း အမျိုးမျိုး ကြောင့် ရေချိုငါး ပုစွန် သယံဇာတများလျော့နည်းကျဆင်းလာရာ ငါးသားပေါက်ရာသီဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်လများအတွင်း ငါးများ သားပေါက်ရန် နေရာရှာဖွေခြင်း၊ ဥချ ခြင်း၊ ငါးသား ပေါက်များ ပေါက်ပွားခြင်းတို့ ပြုလုပ်သည့်ကာလအတွင်း မြစ်ချောင်းအင်းအိုင်များတွင် ငါးရစ်ငါးသန်များကို ဖမ်းဆီး ခြင်း မပြုရန် တားမြစ်ထားသည်။
"ငါးရစ်တစ်ကောင်၊ သုံးလရှောင် တစ်သောင်းတိုးပွား၊ ရေရှည် စား”ဟူသော ဆောင်ပုဒ်နှင့်အညီ ငါးရစ် ငါးသန်ကာလအတွင်း ဖမ်းဆီးစားသုံးခြင်း မပြုဘဲ ရှောင်ရှားခြင်းအားဖြင့် တစ်ကောင်မှ ကစ်သောင်းသို့ တိုးပွားလာခြင်းဖြစ်သည်။ တစ်ကောင်မက ကောင်ရေ ၁၀၀၊ ကောင်ရေ ၁၀၀၀ ဆိုလျှင် မည်မျှတိုးပွားလာမည်ကို စဉ်းစား တွက်ချက်ကြည့်လျှင် သိနိုင်သည်။ သုံးလရှောင်ရှား လိုက်သည်နှင့် ငါးသယံဇာက ရေရှည်တည်တံ့နိုင်မည် ဖြစ်သည်။
သစ်တောများပြုန်းတီးခြင်း၊ တရားမဝင် ရွှေတူးဖော်ခြင်း၊ မြစ်၊ သဲ၊ မြစ်ကျောက်များ ထုတ်ခြင်း စသည့် လူတို့၏လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးခြင်းနှင့်အတူ ငါး ပုစွန် သယံဇာတများလည်း အမြောက်အမြားပျက်စီးရသလို စည်းကမ်းမဲ့ ငါးဖမ်းဆီးခြင်း၊ ပိုးသတ်ဆေးအဆိပ်ချ ငါးဖမ်းခြင်း၊ ဗုံးခွဲခြင်း၊ ရှော့ ကိုက်ခြင်း စသည့် နည်းလမ်းများဖြင့် ငါးဖမ်းဆီးခြင်းတို့ကြောင့် ရေချိုငါးသယံဇာတများ ပျက်စီးကြရသည်။ ရေချိုရေငန် ငါးပုစွန် သယံဇာတများ ရေရှည်တည်တံ့ရန်မှာ လူသားတို့ လောဘကို ထိန်း ကြရမှာဖြစ်သည်။ လောဘ အတောမသတ်ပါက ရေရှည်တွင် ရေထဲ ရှိသမျှ ငါး ပုစွန်ကို ပျောက်ကွယ် သွားကြတော့ မည်ဖြစ်ရာ ရေရှည် တည်တံ့အောင်ထိန်းသိမ်း၍ ရေရှည်စားသုံးနိုင်ရေး မျှော်တွေးကာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းတို့နှင့်အညီ စောင့်ထိန်းကြရပါမည့် အကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်