Skip to main content

ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုကို လက်မခံ

 

မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အချုပ် အခြာအာဏာ ပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲရပ်တည် နေထိုင်လျက်ရှိသည်။ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အခြားနိုင်ငံများ၏ ပြည်တွင်း ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုပေ။ မိမိတို့၏ ပြည်တွင်းရေးကို အခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်လျှင်လည်း လက်ခံခြင်း မရှိပေ။

 

ဇွန်လ ၁၈ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏မျက်နှာ စုံညီ အစည်းအဝေးတွင် လိုချင်စတိန်းနိုင်ငံမှ “The situation in Myanmar” ခေါင်းစဉ်အမည်ရှိသည့် အဆိုမူကြမ်းအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မဲခွဲ ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့်အရေးကိစ္စများအတွက် ဖိအားအမျိုးမျိုးပေးနိုင်မည့်အဆိုမူကြမ်းကို မြန်မာနိုင်ငံ နှင့် မိုင်ပေါင်းထောင်ချီဝေးကွာ သည့် ဥရောပတိုက်အလယ်ပိုင်းမှ ကုန်းတွင်းပိတ် နိုင်ငံငယ် လေးတစ်နိုင်ငံက အဆို တင်သွင်းခဲ့သည်။ လီချင်စတိန်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် အဆက် အစပ်မရှိ သလောက်နည်းပါးပြီး မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားမှုနည်းသော နိုင်ငံဖြစ်သည်။

 

သို့သော် အပေါင်းပါတစ်စု၏တွန်းအားပေးမှုဖြင့်ကြားနိုင်ငံငယ်လေးတစ်နိုင်ငံ က ကမကထပြု၍ မြန်မာနိုင်ငံအရေးကို အဆိုတင်ခဲ့သည်။ ယင်းအဆိုသည် တစ်ဖက်သတ်ပုံဖော်စွပ်စွဲချက်များနှင့် မှားယွင်းသည့်ယူဆချက်များကို အခြေခံ ထားသည်။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၏ ဖြစ်စဉ်အပေါ် သေချာရေရာစွာ ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာစိစစ်ခြင်းမရှိဘဲ ပြည်တွင်းမှ ပုဆိန်ရိုးများ၏သွေးထိုး လှုံ့ဆော်ပေးမှုနှင့် အနောက်အင်အားကြီးနိုင်ငံကြီးများ၏အလိုကျ အသုံးချပုံဖော် ခဲ့ကြသည်။ ကမ္ဘာ့စင်မြင့်မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ကြိမ်ဖန်များစွာ ထပ်တလဲလဲ ဖိအားပေးအရေးယူသည့်လုပ်ရပ်ဖြစ်သည်။

 

ယနေ့ကမ္ဘာပေါ်တွင် အင်အားကြီးသူက အနိုင်ယူရေးမူဝါဒအရ တရားမျှတမှု သည် ပျောက် ကွယ်သွားခဲ့ပြီဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအပေါ် တရားမျှတမှုမရှိသော အချက်အလက်များဖြင့် ဦးတည်အရေးယူရေး အဆိုဖြစ်သည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် ယင်းအဆိုတစ်ခုလုံးနှင့် ယင်းအပေါ် ဆွေးနွေးအရေးယူမှုများအား ဇွန်လ ၁၉ ရက်နေ့က ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ပယ်ချခဲ့သည်။ ယင်းသို့ကန့် ကွက်ကြောင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိတို့ထံ ကန့်ကွက်စာများပေးပို့ခဲ့သည်။

 

အဆိုပါအစည်းအဝေးသို့၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ရာထူးမှ ထုတ်ပယ်ထားပြီး နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုထားသော ယခင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ဟောင်းက မြန်မာနိုင်ငံအမည် ခံဖြင့် ပါဝင်မိန့်ခွန်းပြောကြားခဲ့ခြင်း၊ ပါဝင်မဲပေးခြင်းတို့သည် အဓိပ္ပာယ်မရှိသော လုပ်ဆောင်မှုဖြစ်သည်။ ၎င်း၏လုပ်ဆောင်မှုသည် မြန်မာနိုင်ငံကိုလည်း ကိုယ်စား မပြု၊ မြန်မာနိုင်ငံကလည်း တရားဝင်အသိအမှတ်မပြု သော လုပ်ဆောင်မှုဖြစ်သည်။ ထို့ကြောင့် အဆိုပါအရေးကို မြန်မာနိုင်ငံကလက်မခံ ပြင်းထန်စွာ ကန့်ကွက်ပယ်ချ ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သည့်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေး အတွက် စစ်မှန် တရားမျှတသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတကာ အသိုက်အဝန်းများ၏ အပြုသဘောအကြံပြုချက် များကို အလေးထားသော်လည်း အပြုသဘော ဆောင်သည့်ကြိုးပမ်းမှုများ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုထိခိုက်စေသည့် ပြည်တွင်း ရေးကို ဝင်ရောက် စွက်ဖက်ခြင်းအပါအဝင် မည်သည့်အားထုတ်ကြိုးပမ်းမှုကိုမဆို လက်ခံလိမ့် မည် မဟုတ်ပေ။

 

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ဖြစ်စဉ်များကို သေချာကျနလေ့လာ သုံးသပ်ကြရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံအတွင်း မသမာသူများက အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီး မှုများပြုလုပ်လျက်ရှိပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ပြုလုပ်လျက်ရှိသဖြင့် လူမှုအသိုက် အဝန်းအမျိုးမျိုးတို့မှပြည်သူများ အခက်အခဲများ၊ စိတ်ဆင်းရဲမှုများကိုကြုံတွေ့နေရသည်။

 

ထို့ကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေး၊ ပြည်သူများ ဘေးကင်းလုံခြုံရေး၊ လူမှုစီးပွား အဆင်ပြေစေရေးအတွက် တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်နေသည်ကို မျက်ကွယ်ပြု၍ မြန်မာနိုင်ငံ ပိုမို ထိခိုက်ပျက်ပြားစေနိုင်သည့် ဖိအားပေးမှုများကို လုပ်ဆောင်လျက်ရှိသည်။

သို့ဖြစ်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်း ဆက်ဆံရေးကို ထိန်းသိမ်းဆောင်ရွက်ပြီးမြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ မည်သည့်ဝင်ရောက် စွက်ဖက်မှုကိုမျှ လက်မခံဘဲ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ကြေးမုံအယ်ဒီတာ့အာဘော်