နေပြည်တော် ဖေဖော်ဝါရီ ၁၁
2019 Novel Coronavirus ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈နာရီတွင် သတင်းထုတ်ပြန်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း၊
ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စန်တုန်မြို့မှ (၇-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၁၁-၂-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်လာသဖြင့် တောင်သာမြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုများပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲ နမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် အခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရကြောင်း၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့မှ (၁-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှ အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၄-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းတို့ ခံစားခဲ့ရပြီး (၁၁-၂-၂၀၂၀) ရက်နေ့တွင် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှုများပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာ အား စစ်ဆေးရာတွင် အခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရကြောင်း၊
စင်္ကာပူနိုင်ငံမှ (၅-၂-၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး စင်္ကာပူနိုင်ငံမှ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာ (၁) ဦးနှင့် စင်္ကာပူနိုင်ငံတွင် နေထိုင်ခဲ့စဉ်က အနီးကပ်ထိတွေ့ခဲ့သည့် အသက် (၂၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးအား (၁၀-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် စောင့်ကြပ် ကြည့်ရှုကုသပေးလျက်ရှိရာ အဆိုပါလူနာသည် (၁၁-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန် အထိ စစ်ဆေးခြင်းများအရ ကိုယ်အပူချိန် (၉၉ ဒီဂရီဖာရင်ဟိုက်) ရှိပြီး အခြား ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာလက္ခဏာများ မတွေ့ရှိရဘဲ သက်သာကောင်းမွန်လျက်ရှိပါသည်။ ၄င်းထံမှ ဓာတ်ခွဲနမူနအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးထားရှိကြောင်း၊
ယနေ့ (၁၁-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရရှိသော ဓာတ်ခွဲအဖြေများအရ သံသယလူနာ (၁) ဦးနှင့် စောင့်ကြည့်လူနာ (၅) ဦးတို့တွင် 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုးမရှိ ကြောင်း သိရှိရသဖြင့် အဆိုပါလူနာများအား အသေးစိတ်စစ်ဆေးပြီး သက်ဆိုင်ရာဆေးရုံများမှပေးဆင်းရန် ပြင်ဆင်ထားရှိကာ ဆေးရုံဆင်းပြီးနောက်လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသေးစိတ်မှာကြားခြင်းများအား ဆောင်ရွက်ထားရှိပါသည်။ ၎င်းတို့အနက်မှ ဝေဘာဂီအထူးကုဆေးရုံမှ စောင့်ကြည့်လူနာ (၁) ဦး အား ယနေ့ နေ့လယ်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊
သို့ဖြစ်ပါ၍ ယနေ့ (၁၁-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စောင့်ကြည့်လူနာ (၁၆) ဉီးတို့အား သက်ဆိုင်ရာ ဆေးရုံများ၌ ဆက်လက် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(MOI)