Skip to main content

စီဘီဘဏ်၀န်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ဘဏ်မှ ငွေကျပ်သိန်း(၆၀၀)ခန့် လုယူထွက်ပြေးသွားသူအား ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ စီဘီဘဏ်၌ ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ဘဏ်မှငွေကျပ်သိန်း (၆၀၀)ခန့် လုယူထွက်ပြေးသွားသူအား ယနေ့ည (၆) နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်၊ ပင်လုံလမ်းနှင့် အဏ္ဏဝါလမ်း သွယ်ထောင့် အမှတ်(၁၂၁၇)ရှိ စီဘီဘဏ်၌ ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် အမျိုးသားတစ်ဦးက ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဗုံးဟုယူဆရသော အရာ၀တ္ထုကိုချထားခဲ့ပြီး ငွေကျပ်သိန်း(၆၀၀)ခန့် လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အမှုအား ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်အရ လည်းကောင်း၊ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လည်းကောင်း ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အင်ကြင်းမြိုင်လမ်း၊ အမှတ်(၃၃)ရပ်ကွက်နေ တရားခံ စိုးကျော်ကျော်၊ (ဘ)ဦးလှအောင်အား ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် YGN 5K/xxxx Probox ယာဉ်၊ လုယက်သွားသော မြန်မာငွေကျပ် သိန်း(၃၇၀)ကျော်၊ လုယူငွေများဖြင့် လဲလှယ်ထားသော အမေရိကန်ဒေါ်လာ (၇၀၀၀)တို့နှင့်အတူ ဖမ်းဆီးရမိပြီး တရားခံစိုးကျော်ကျော်မှာ အရေးကြီး ငွေလိုအပ်နေသည့်အတွက် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအနေဖြင့် သေနတ်အတု၊ ဗုံးအတုတို့ဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ အများပြည်သူများ အနေဖြင့်လည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ မရှိကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား