Skip to main content

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၀) ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၀) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယခုဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (2019-nCoV acute respiratory disease) ဖြစ်ပွားပျံ့နှံ့မှု နှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဆက်လက် မြင့်မားလျက်ရှိပြီး (epicenter) ဖြစ်သော ဝူဟန်မြို့တွင် ကူးစက်ပျံ့ပွားမှုနှင့် သေဆုံးမှုသည် အဓိက ဆက်လက် ဖြစ်ပွားနေကြောင်း။

မြန်မာနိုင်ငံ၌ သံသယလူနာနှင့် စောင့်ကြည့်လူနာများ၌ 2019 Novel Coronavirus ရောဂါပိုး မတွေ့ရှိရသေးသော်လည်း ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို လုံးဝအရှိန်မလျော့ဘဲ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အဖွဲ့အစည်းများ၏ အသေးစိတ် ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ် သည့် အခ၌ ကျေနပ်မှုများစွာ ရှိပါကြောင်း၊ ဤကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများသည် မိမိတို့ ကျန်းမာရေးနယ်ပယ် တိုးတက်ရန် အတွက် အလွန်ကောင်းသော လက္ခဏာဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း လုပ်ဆောင်ကြစေ လိုပါကြောင်း။

ယခုအချိန်၌ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအောင်မြင်မှု၏ အတိုင်းအတာမှာ ပြည်သူများ၏ ပါဝင်မှုအတိုင်းအတာနှင့် တိုက်ရိုက်အချိုးကျ မူတည်နေသဖြင့် ပြည်သူများကို မှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်ရန် မိမိတို့ဝန်ကြီးအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

လေကြောင်းခရီးမှ ဝင်ရောက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများအား လေ့လာကြည့်သော အခါ ၎င်းတို့ အများစုသည် မူလကတည်းက ငှားရမ်းထားသော နေအိမ်တိုက်ခန်းများတွင်သာ သွားရောက်နေထိုင်ကြသည်ကို သိရှိရသဖြင့် ၎င်းတို့နေထိုင်ရာ ရပ်ကွက်များ၌ ကျန်းမာရေး အသိပညာပေးမှုများ၊ အသိပေးနှိုးဆော်မှုများကို ဦးတည်ဦးစားပေး၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

နေရပ်ပြန်နိုင်ငံသားများသာမက နိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးဖြစ်သော ဧည့်သည်နိုင်ငံခြားသားများ၏ တည်းခိုနေထိုင်မှု အခြေအနေများ၊ အထူးသဖြင့် ၎င်းတို့နေထိုင်လေ့ရှိသည့် ရပ်ကွက်များအား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ကာ လိုအပ်သော ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုပါကြောင်း။

စက်ရုံ၊ အလုပ်ရုံများ၌လည်း လူစုလူဝေးအဖြစ် အလုပ်လုပ်ကိုင်သည့် အတွက်လည်းကောင်း၊ အခြားနိုင်ငံမှ လာရောက်၍ လုပ်ကိုင်နေသော နိုင်ငံခြားသားဝန်ထမ်းများရှိသဖြင့် လည်းကောင်း ထိုနေရာများကိုလည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မျက်ခြေမပြတ် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ လုပ်ကိုင်နေသော အခြေခံကျန်းမာရေး ပညာရှင်များဖြစ်သော ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေး ဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၊ သားဖွားဆရာမများနှင့် ရောဂါစောင့်ကြပ်ကြည့် ရှုထောက်လှမ်းသည့် နေရာများ၌ လုပ်ကိုင်လျက်ရှိသော တာဝန်ခံများအား(၇) လက်မ Mobile Tablet ဖုန်း (၂၃၉)လုံးနှင့် ၎င်းမြို့နယ်၌ရှိသော တိုက်နယ်ဆရာဝန်နှင့် မြို့နယ်ဆရာဝန်တို့အား(၈)လက်မ Mobile Tablet ဖုန်းများကို ဗဟိုမှ သက်ဆိုင်ရာ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများသို့ ယနေ့တွင်ပင် ဖြန့်ဝေရန် စီစဉ်ပြီးဖြစ်ပါကြောင်း။

ထိုသို့ ချက်ချင်းဖြန့်ဝေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဤရောဂါနှင့် ပတ်သက်သောအကြောင်း အရာများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စသည်တို့နှင့်ပတ်သက်၍ ကျန်းမာရေးစကား ဝိုင်းငယ်လေးများနေရာ အနှံ့အပြား ပြုလုပ်စေလို၍ ဖြစ်ပါကြောင်း၊ အဆိုပါ Mobile Tablet များတွင် ဤရောဂါနှင့် ပတ်သက်၍ ထုတ်ဝေထားသော (၂၂)မျိုးသော ကျန်းမာရေးပိုစတာနှင့် လက်ကမ်းစာစောင်များနှင့် လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွင်းထားပြီးဖြစ် ပါကြောင်း၊ သီးခြားထားရှိကုသခြင်းနှင့် အသွားအလာ တားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၏ အရေး ကြီးမှုကို ပြည်သူများသေချာစွာ သိရှိနားလည်ရန်မှာ အရေးကြီးပါကြောင်း။

ထိုသို့ရောဂါဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှုခြင်းခံရသူတွင် အကယ်၍ 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်းကုသမှု ပေးနိုင်သည့် အတွက် ရောဂါပြင်းထန်သေဆုံးနိုင်ခြေ နည်းပါးသည့်အပြင် ၎င်းမှတစ်ဆင့် အတူနေထိုင်သော မိသားစုများနှင့် မိတ်ဆွေများထံသို့ ကူးစက်မှုမဖြစ်ပွားနိုင်တော့သဖြင့် အားလုံးအတွက် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါ ကြောင်း၊ ကုသမှုပိုင်းဆိုင်ရာ၌ စနစ်ကျ၍ ပိုမိုထိရောက်နိုင်စေရန်အတွက် clinical management ကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။

လေဆိပ်ဝင်ပေါက်မှ ဝင်ရောက်သူများမှာ အရေအတွက် နည်းပါးလာသည်ကို တွေ့ရှိရပါကြောင်း၊ တရားဝင်နှင့် တရားမဝင် နယ်စပ် ဝင်/ထွက်ပေါက် ကုန်းလမ်းများမှ ဝင်ရောက်လာသူများကို အထူးဦးစားပေး၍ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆက်လက်ပြုလုပ်ရမည်ဖြစ်ပါကြောင်း။

ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများအား စောစီးစွာ ထောက်လှမ်းခြင်း (Early case detection) သည် အရေးကြီးသည့်အတွက် သံသယလူနာတွေ့ရှိပါက ပြည်သူများ၏ သတင်းပေးပို့မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ အကျဉ်းထောင်များ၏ အချုပ်သား၊ အကျဉ်းသား အသစ်များတွင် ဖျားနာလူနာပါရှိပါက (၁၄) ရက် သီးခြားထားရှိ ကုသရေးညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်များ၊ ကျေးလက် ဒေသများတွင် ပြည်သူ (၁၀) ခန့်စီအား ကျန်းမာရေး အသိပညာပေးဟောပြောမှု (Health Talk) စကားဝိုင်းငယ်များကို ပိုမိုအရေးပေး ဆောင်ရွက်သွားစေလိုပါကြောင်း၊ အထူးသဖြင့် ကျောင်းများ၊ စေတီဘုရားများ၊ ဈေး၊ စက်ရုံနှင့် လူစည်ကားသော နေရာများတွင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့်အတွက် အားရကျေနပ်ပါကြောင်းနှင့် ယခုဖြစ်စဉ် ပြီးဆုံးသည် အထိအရှိန်အဟုန် မလျှော့ဘဲဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဌာနချုပ်မှ နောက်ဆုံး ထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေ၊ ဆက်လက် တိုးတက်နေသော case အရေအတွက်နှင့် မြန်မာနိုင်ငံအတွင်းရှိ သံသယ လူနာ(၁)ဦးနှင့်စောင့်ကြည့် လူနာ (၁၉)ဦးတို့၏ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ၊ ဓာတ်ခွဲနမူနာများအား လေကြောင်းလိုင်းများဖြင့် ချိတ်ဆက်ပို့ဆောင်မှုနှင့် ဂျပန်နိုင်ငံနှင့် US CDC တို့မှ ရောက်ရှိလာမည့် 2019 Novel Coronavirus ဓာတ်ခွဲစမ်းသပ်မှုပစ္စည်းများ၏ အခြေအနေအား ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အသီးသီးမှ ပေးပို့လာသော ရောဂါ စောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေများနှင့် ထူးခြားဖြစ်စဉ် များအား တင်ပြခြင်း၊ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ်    ( ၈) ခုမှ မြို့နယ် (၂၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် (၂၇)ခုတွင် အဖျားရောဂါ စောင့်ကြပ် ကြည့်ရှုသည့် အခြေအနေနှင့် သံသယလူနာ/စောင့်ကြည့်လူနာမတွေ့ရှိရခြင်း၊ တရားဝင် နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များတွင် ခရီးသွားများအား သေချာစွာစိစစ်နိုင်ရေး ဆက်လက်လုပ် ဆောင်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေအား တင်ပြခြင်း။

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သတင်းပေးပို့ချက်များကို MoHS Dashboard ပေါ်တွင် အချိန်နှင့် တစ်ပြေးညီတင်ပြနိုင်ရန် စီစဉ်ထားခြင်း၊ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များရှိသည့် Fever Surveillance Points များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသော ကျေးလက်ကျန်းမာရေးဌာန များတွင် Tablet များ ဖြန့်ဝေကာ အရေးကြီးသတင်းများအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်စီစဉ် ထားရှိခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်ဝင်ခွင့်ဗီဇာများ (E Visa) ထုတ်ပေးရာ၌ ကျန်းမာရေး စစ်ဆေးထားသော ဆေးလက်မှတ် (Medical Certificate) များ ပူးတွဲ၍ လျှောက်ထားစေရန် စီစဉ်ဆောင်ရွက်ထားရှိမှုအား တင်ပြခြင်း၊ နိုင်ငံပိုင်သတင်းဌာနများနှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများအား စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ တင်ပြခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေးအခြေအနေသည် (ယနေ့နံနက်ပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိကြောင်း တင်ပြခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေနှင့် PPE များ၊ Thermal scanများ၊ Ventilator များအား ထပ်မံဖြည့်တင်း ဝယ်ယူနိုင်ရေး နိုင်ငံတော်အရေးပေါ်ရံပုံငွေဖြင့် ဝယ်ယူရန် စီစဉ်မှုအခြေအနေအား တင်ပြခြင်း၊ ကုသရေးဉီးစီးဌာနမှ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ချိတ်ဆက်ဆောင်ရွက်မည့် တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်၊ မြဝတီနှင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခြင်း၊ Emergency Operations Centre (EOC) Hot Line Service ကို ၂၄ နာရီပိတ်ရက်မရှိ ဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေ စသည်တို့ အပါအဝင် နောက်ဆုံးသတင်း အချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ဆေးရုံအုပ်ကြီး (ကျွမ်းကျင်သူ)၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)