Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan သို့ ရောက်ရှိ၊ KAMAZ Holdingကုမ္ပဏီသို့ သွားရောက်လေ့လာ

 
 
နေပြည်တော် ဇွန် - ၂၅
 
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် Republic of the Tatarstan သို့ ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရာဌာန၊ ဒုတိယဌာနကြီးမှူး Major General Alexander Lopilin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Republic of the Tatarstan၊ Naberezhnye (နာဘီ ရေညီယယ်ချဲလ်နေ)မြို့၊ Begishevo လေဆိပ်သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီးချုပ် H.E. Mr. Nigmatullin Rustan Kamilievich နှင့် တာဝန်ရှိသူတို့က ရိုးရာဓလေ့နှင့် အညီ ကြိုဆိုနှုတ်ဆက်ကြသည်။
 
ယင်းနောက် Naberezhnyeမြို့ရှိ KAMAZ Holding မော်တော်ကားစက်ရုံ သို့သွားရောက်၍ ထရပ်ကားများ၊ ဘတ်စ်ကားများနှင့် ဒီဇယ်အင်ဂျင်များ ထုတ်လုပ်နေမှု အခြေအနေများအား သွားရောက်လေ့လာကြည့်ရှုကြရာ စက်ရုံမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် Mr. Gerasimov Yuri Ivanovich၊ ဒီဇိုင်းအင်ဂျင်နီယာချုပ် Mr. Makarov Evgeni Gennagievichနှင့်တာဝန်ရှိသူများက စက်ကိရိယာအစိတ်အပိုင်းထုတ်လုပ်ရာ ဌာန၊ စက်ခေါင်းပိုင်း၊ ကိုယ်ထည်ပိုင်း၊ အင်ဂျင်ပိုင်း စသည်ဖြင့် ယာဉ်တစ်စီးလုံး ပြီးစီး သည်အထိ အဆင့်ဆင့် တပ်ဆင်ထုတ်လုပ်နေမှုများ ကိုပြသကြသည်။ ထို့သို့ လိုက်လံ ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး သည်။ ထို့နောက် KAMAZ Holding မှ ထုတ်လုပ်ထားရှိသည့် Truck ယာဉ်များနှင့် စစ်မြေပြင် သုံး Typhoon သံချပ်ကာယာဉ်တို့၏ စွမ်းရည်များကို လက်တွေ့မောင်းနှင်ပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များက လေ့လာကြည့်ရှုခဲ့ကြသည်။
 
ထို့နောက် ထပ်မံထုတ်လုပ်လျက်ရှိသည့် Truck ယာဉ်ကြီးများ၊ Battery စနစ် သုံး အမှိုက်သိမ်းယာဉ်၊ လူစီးယာဉ်ငယ်နှင့် အခြားယာဉ်အမျိုးမျိုးတို့အား လိုက်လံ ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KAMAZ Holding မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်း များ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
 
အဆိုပါ KAMAZ စက်ရုံကို အရွယ်အစားကြီးမားသည့် ထရပ်ကားများ ထုတ်လုပ် ရန် ရည်ရွယ်ချက်ဖြင့် ဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီနှင့် ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု၏ ဥပဒေပြုရေးကောင်စီတို့မှ Naberezhnye Chelny မြို့၌ ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် Oka midget (VAZ-1111) မော်တော်ယာဉ်များ အား ပထမဆုံးထုတ်လုပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်တွင် Joint Stock ကုမ္ပဏီ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် KAMAZ အင်ဂျင်စက် ရုံ မီးလောင်ပျက်စီးမှု ၁ ကြိမ်ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် မိတ်ဖက် ကုမ္ပဏီဖြစ်သည့် Cummins Inc. ကုမ္ပဏီနှင့် ပူးတွဲ၍ CUMMINS KAMA Joint Venture ကုမ္ပဏီအား တည်ထောင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာအနှံ့အပြား သို့ လုပ်ငန်းသုံးယာဉ်ကြီးများကို တင်ပို့ရောင်းချပေးလျက်ရှိပြီး KAMAZ ကုမ္ပဏီ သည် Dakar Rally ကားပြိုင်ပွဲတွင် ၁၈ ကြိမ်အနိုင်ရရှိထားကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် စာရင်းအရ တစ်နှစ်လျင် ထရပ်ကားအစီးရေ ၄၃၀၀၀ ကျော် ထုတ်လုပ်နိုင်ပြီး ရုရှား တပ်မတော်တွင် အသုံးပြုသည့် ထရပ်ကားအများစုမှာ KAMAZ ကုမ္ပဏီမှ ထုတ်လုပ် သည့် မော်တော်ကားများဖြစ်ကြောင်း သိရှိရသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် Naberezhnyeမြို့မှ Republic of the Tatarstan၊ Kazan မြို့တော်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး Republic of the Tatarstan သမ္မတ အထူးဧည့်ဂေဟာသို့ရောက်ရှိကာ ညအိပ်ရပ်နားခဲ့ကြကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်