ဘားအံ ဖေဖေါ်ဝါရီ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဇွဲကပင်ခန်းမ၌ လူငယ်များ စံပြုထိုက်သော ဗိုလ်ချုပ်ဘဝ ခေါင်းစဉ်ဖြင့် ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဘားအံတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဒေါက်တာဇင်မာသန်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းမှ ကိုမြင့်အောင်၊ ဘားအံတိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်ကြည်ကြည်ဌေး၊ တိုင်းရင်းသားရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်လွင်၊ ဘားအံမြို့နယ်စာရေးဆရာများအသင်း အတွင်းရေးမှူး ဒေါ်ဆုလာဘ်နွယ်၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ဦးသန်းအောင်တို့က ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအတွက်သက်စွန့်ကြိုးပမ်းဆောင်ရွက်ချက်များ၊ ဗိုလ်ချုပ်၏ငယ်စဉ်ကျောင်းသားဘဝမှစ၍ မြန်မာ့လွတ်လပ်ရေးကြီးပမ်းမှုကာလတစ်လျောက် ဖြတ်သန်းရသည့် ဘဝအဖုံဖုံ၊ ဗိုလ်ချုပ်၏ကျောင်းသားဘဝ၊ ဗိုလ်ချုပ်၏တော်လှန်ရေးလှုပ်ရှားမှု၊ နိုင်ငံရေးလုပ်ရှားမှု၊ လွတ်လပ်ရေးလှုပ်ရှားမှု၊ စိတ်နေသဘောထား၊ အနုပညာ၊ စာပေ၊ ဂီတ ဝါသနာ တို့ကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော တက္ကသိုလ်/ကောလိပ်များ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများ၊ စိတ်ပါဝင်စားကြသည့် ဒေသခံလူငယ်များက မရှင်းလင်းသည်များနှင့် သိရှိလိုသည်များအား ပြန်လည်မေးမြန်း၍ ဦးဆောင်ဆွေးနွေးသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)