လွိုင်ကော် ဖေဖော်ဝါရီ ၁၂
၂၀၂၀ ခုနှစ် ၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံရှိ ကျောက်သားရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်ရဲဘော် အပေါင်းတို့အား အလေးပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့လာသော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ဖတ်ကြားခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
ဆက်လက်ပြီး ယနေ့တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲများ၊ လှေလှော်ပြိုင်ပွဲများကိုပြုလုပ် ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို လွိုင်ကော်ခရိုင်ရုံးဝန်ထမ်းများတို့က ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြု တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက် ၊ ကျေးရွာနေပြည်သူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။
ထွန်းလေး