မုံရွာ ဖေဖော်ဝါရီ ၁၂
၂၀၂၀ ပြည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းဆပ်ကော်မတီနှင့် မုံရွာမြို့ ရတနာပိုက်ကျော်ခြင်းကလပ်တို့ ပူးပေါင်းကျင်းပသော (၁၈)ကြိမ်မြောက်ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက မုံရွာမြို့ ရုံးကြီးရပ်ကွက် ရတနာအောင်မြေကျောင်းဝန်းအတွင်းရှိ ရတနာပိုက်ကျော်ခြင်းကလပ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပိုက်ကျော်ခြင်းပြိုင်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာရီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးသူရက ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး လူငယ်မျိုးဆက်သစ် လူသစ်တန်းပြိုင်ပွဲဝင်အသင်းစုစုပေါင်း(၇၅)သင်းက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ပထမဦးဆုံးပွဲအဖြစ် ရတနာအသင်းနှင့် မလဲသာအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က တက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ (၁၈)ကြိမ်မြောက်ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် လူငယ်မျိုးဆက်သစ်လူသစ်တန်း ပြိုင်ပွဲဝင်အသင်းစုစုပေါင်း(၇၅)သင်းနှင့် အလွတ်တန်းပြိုင်ပွဲဝင်အသင်း(၁၀)သင်း စုစုပေါင်းပြိုင်ပွဲဝင် အသင်းပေါင်း(၈၅)သင်းရှိကာ ပြိုင်ပွဲကာလ ဖေဖော်ဝါရီ (၁၁)ရက်နေ့မှ ဖေဖော်ဝါရီ(၂၀)ရက်နေ့အထိ (၁၀)ရက်ကြာယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)