မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၊ စီတာပူရပ်ကွက် မနောကွင်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မနောအကဖြင့် ဆင်နွှဲခြင်းအပါအဝင် အားကစားပြိုင်ပွဲများ ဖြင့် စည်ကားစွာ ကျင်းပပြုလုပ်သည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲတွင် မနောကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ရာ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့်ဌာနဆိုင်ရာများက နိုင်ငံတော် အလံအားအလေးပြုကြသည်။
ယင်းနောက် နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံမှပေးပို့သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး မနောကွင်းကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လူမှုရေးဝန်ကြီးနှင့် ကချင်လူမျိုးရိုးရာယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးထုန်ဖူးဒဂုန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မနောကော်မတီမှ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်း၊ ပညာရေးကောလိပ်၊ GTC ကျောင်း၊ ကွန်ပျူတာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ NGO ၊ INGO အဖွဲ့ဝင်များ၊ တက် ရောက်လာကြသည်ပြည်သူများက မနောအကဖြင့် ပျေော်ရွှင်စွာစုပေါင်းကကြသည်။
အလားတူ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌လည်း (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်၊ Fiteness Dance၊ ခြင်းအလှခတ်ပြိုင်ပွဲများအပြင် ပျော်ပွဲရွှင်ပွဲများအဖြစ် လွန်ဆွဲပွဲ၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ ငှက်ပျောပင်တက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရသူများအား ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရှိရသည်။
ပြည်နယ်ပြန်/ဆက်