Skip to main content

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းဝင်းကွန်ကရစ်လမ်းနှင့် ကျောင်းစာကြည့်တိုက်ဖွင့်လှစ်

ဘားအံ   ဖေဖော်ဝါရီ   ၁

ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းဝင်းကွန်ကရစ်လမ်းနှင့် ပညာဒီပကျောင်းစာကြည့်တိုက် ဖွင့်လှစ်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းတွင် ပြုလုပ်သည်။

ဦးစွာ ကျောင်းဝင်းကွန်ကရစ်လမ်းနှင့် ပညာဒီပကျောင်းစာကြည့်တိုက်အား ကရင်ပြည်နယ်ပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်း ၊ဘားအံမြို့နယ် ပညာရေးမှူး ဦးသန်းထိုက်ဦး၊ ကျောင်းအုပ်ဆရာကြီးဦးမင်းဉာဏ်ကျော်ခိုင်၊ ကျောင်းအကျိုးတော်ဆောင် များဖြစ်သည့် ဦးယုနွယ်နှင့် ဦးငွေစိုးတို့က ဖဲကြိုးဖြတ်ဖွင်လှစ်ပေးကြသည်။

ဆက်လက်၍ အခမ်းအနားအားကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က တက်ရောက်အမှာစကားပြောကြားပေးခဲ့ပြီး ပညာဒီပကျောင်းစာကြည့်တိုက်အား တက်ရောက်လာကြသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ သည်။ 

အဆိုပါ ဖွင့်လှစ်လိုက်သော ကျောင်းဝင်းကွန်ကရစ်လမ်းဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘိလပ်မြေအိတ်(၈၄၄)အိတ်ထောက်ပံ့ပေးပြီး ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များ၏လှူဒါန်းမှု စုစုပေါင်း ကုန်ကျငွေ (၂၃၅)သိန်းဖြင့် အရှည်ပေ(၁၁၀၅)ပေ၊ အကျယ် (၁၆)ပေ ရှိသောကွန်ကရစ်လမ်း ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)