မန္တလေး ဖေဖော်ဝါရီ ၁၂
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေးမြို့၊ မန္တလာသီရိအဆင့်မြင့်အားကစားကွင်း ၌ ယနေ့ နံနက် ၇ နာရီ က ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့် ထံမှပေးပို့သော (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီးဦးဇာနည်အောင်က ဖတ်ကြားသည်။
ထို့နောက်မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် အလှူရှင်များမှ မြန်မာရိုးရာအစားအစာများ စတုဒိသာကျွေးမွေး နေမှုများအား လှည့်လည်ကြည့်ရူ့အားပေးခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)