Skip to main content

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၀) ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီလ  ၁၂

2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၀) ကို ယနေ့၊ နံနက် ၁၀ နာရီခွဲတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဉီးဆောင်၍ ကျင်းပခဲ့သည်။

အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်က ယခု ဖြစ်ပွားနေသော လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (2019-nCoV acute respiratory disease) ရောဂါ၏ အမည်ကို Coronavirus Disease 2019 (COVID-19) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်မှ (၁၁-၂-၂၀၂၀) ရက်နေ့တွင် တရားဝင်အမည် သတ်မှတ် ပေးလိုက်ပြီးဖြစ်ကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံများတွင် လက်ရှိအသုံးပြုလျက် ရှိသော စံလုပ်ထုံးလုပ်နည်းလမ်းညွှန် Standard Operating Procedures (SOP) မှ Case Definition အား ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော Case Definition အတိုင်း အတိအကျလိုက်နာ ဆောင်ရွက်စေ လိုကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများတွင် အရေးပေါ်လိုအပ်လာပါက Hospital Quarantine Zone၊ Isolation Ward၊ ICU Ward များထပ်မံသတ်မှတ်ပြင်ဆင်ထားရှိနိုင်ရေးအတွက် သက်ဆိုင်ရာဆေးရုံများနှင့် ကြိုတင်ညှိနှိုင်းစီစဉ်ဆောင်ရွက်ထားစေလိုကြောင်း၊

Hospital Quarantine ကာလ (၁၄) ရက်ပြီးမြောက်ပြီးနောက် ဆေးရုံဆင်းခွင့်ပြုလိုက်သည့် လူနာများအား ဆေးရုံဆင်းပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို အလေးထား အသိပေးမှာကြား နေသည်မှာ ကောင်းမွန်ပါကြောင်း၊

(၁၃-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲအခမ်းအနားတွင် လူဉီးရေ (၂၀,၀၀၀) ခန့် တက်ရောက်ကြမည်ဖြစ်ရာ လိုအပ်သည့် လက်ဆေးရည် (Hand gel) များထားရှိရန်၊ ချောင်းဆိုး၊ နှာစေးသည့် လူနာများရှိပါက အသုံးပြုနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များထားရှိရန်၊ ကျန်းမာရေး အသိပညာပေးပိုစတာများ တပ်ဆင်ထား ရှိနိုင်ရေး အတွက် နေပြည်တော်ကောင်စီ ပြည်သူ့ ကျန်းမာရေးဉီးစီးဌာနနှင့် ပေါင်းစပ်ဆောင် ရွက်စေလိုကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများမှ စောင့်ကြည့်လူနာများအား ဓာတ်ခွဲနမူနာရယူ ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ရာတွင် အသုံးပြုရမည့် Viral Transport Medium (VTM) များ လုံလောက်မှုရှိစေရန် စီစဉ်ဆောင်ရွက်ထား စေလိုကြောင်း၊

မြို့နယ်အဆင့်ဆေးရုံများရှိ စောင့်ကြည့်လူနာများ၏ အခြေအနေပေါ်မူတည်၍ လိုအပ်ပါက နီးစပ်ရာ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများသို့ လွှဲပြောင်းပို့ဆောင်နိုင်ရေး အတွက် အဆင်ပြေစေရန် ကြိုတင်ပြင်ဆင်ထားစေလိုကြောင်း၊

လိုအပ်သည့် Ventilator များ ထပ်မံဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သည့် Specification များအား မေ့ဆေးအထူးကုဆရာဝန်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက် စေလိုကြောင်း၊

မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနဆောင် ရွက်ရန် တရုတ်သုတေသနရေယာဉ် XIANG YANG HONG 06 သည် (၁၂-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်မည့် ကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးမှုများ အထူးကြပ်မတ် ပြုလုပ်ရန်အတွက် အသေးစိတ်ကြိုတင်ပြင်ဆင်ထားရှိစေလိုကြောင်းနှင့် ယခုဖြစ်စဉ် ပြီးဆုံးသည်အထိ အရှိန်အဟုန်မလျှော့ဘဲ ဆက်လက် ဆောင်ရွက် သွားရန်တိုက်တွန်းပြောကြားလိုကြောင်း ပြောကြား ခဲ့ပါသည်။

၎င်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နေ့စဉ် ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့၌ လက်ရှိ ဖြစ်ပွားနေသည့် Coronavirus Disease 2019 (COVID-19) ရောဂါဖြစ်ပွားမှုဖြစ်စဉ်ကို ခြုံငုံသုံးသပ်ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက် ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပေါ် နေသော အခြေအနေ၊ ဆက်လက်တိုးတက်နေ သော လူနာအရေအတွက်နှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ် ဆေးရုံများတွင် တက်ရောက်နေသော စောင့်ကြည့်လူနာ (၁၆)ဦး တို့၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ကြောင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့ လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေ များနှင့် ထူးခြားဖြစ်စဉ်များ၊ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခုမှ မြို့နယ် (၂၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် (၂၇) ခုတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှု သည့်အခြေအနေနှင့် သံသယလူနာ/စောင့်ကြည့် လူနာ မတွေ့ရှိခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေး အခြေအနေသည် (ယနေ့၊ နံနက်ပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိခြင်း စသောအခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ဆေးရုံအုပ်ကြီးများ၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ် သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

MoI