မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက်၊ ခရစ်နှစ် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့ နံနက်လင်းအားကြီးအချိန်တွင် မြန်မာပြည် အလယ်ပိုင်း မကွေးခရိုင် နတ်မောက်မြို့လေး၌ ပစ္စုပ္ပန်ခေတ် မြန်မာနိုင်ငံ သမိုင်းအတွက် ထူးခြားသောမှတ်တိုင်တစ်ခု စတင်ပေါ်ထွန်းလာခဲ့သည်။ အကြောင်းကား ထိုနေ့မှ နှစ်ပေါင်း ၃၀ ဝန်းကျင်၌ မြန်မာတစ်မျိုးသားလုံး၏ အဖိုးထိုက်တန်ဆုံးရတနာ လွတ်လပ်ရေးဆုမွန်ကို ရွပ်ချွံစွာ ရှေ့ဆောင် ဆွတ်ခူးပေးနိုင်လတ္တံ့သော အာဇာနည်သူရဲကောင်းတစ်ဦးကို အဘ ဦးဖာ၊ အမိ ဒေါ်စုတို့က မွေးဖွားခဲ့သောကြောင့်ပင်တည်း။
မြန်မာသိ၊ ကမ္ဘာသိ အာဇာနည်သူရဲကောင်းဖြစ်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို အကျယ်တဝင့် ရှင်းလင်းတင်ပြရန်မလို။
ခေတ်အဆက်ဆက်တွင် လူတိုင်းလူတိုင်းက နားလည်သိမြင်လေးစား တန်ဖိုးထားခဲ့ကြသည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအဖြစ်အပျက်တိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အကြောင်းမကင်းသဖြင့် ဗိုလ်ချုပ်၏ သူမတူအောင်စွမ်းဆောင်မှုများကို သမိုင်းမော်ကွန်းရေးထိုးထားသည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း၏ အပြောင်မြောက် ဆုံးစွမ်းဆောင်မှုနှင့် သူမတူအောင် ခေါင်းဆောင်နိုင်မှုကြောင့် ရှမ်း၊ ချင်း၊ ကချင်တောင်တန်းသားများသာမက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တညီတညွတ်တည်းဖြစ်အောင် စည်းလုံးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လျှင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လက်တွဲ ပူးပေါင်းခဲ့ကြသည်။
မြန်မာနိုင်ငံသမိုင်းတွင် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရာ၌ "တတိယမြန်မာနိုင်ငံတော်ကို စည်းရုံးခဲ့သော အလောင်းဘုရားလွန်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် "စတုတ္ထမြန်မာနိုင်ငံတော်ကြီး" ကို ထူးချွန်ပြောင်မြောက်စွာ တည်ဆောက်နိုင်သော ခေါင်းဆောင်တစ်ဦးဟု ဆိုထိုက်သည်။ တစ်ဦးတစ်ယောက်အပေါ်တွင် လေးစားခြင်း၊ ယုံကြည်ခြင်း၊ လက်တွဲခြင်း၊ အားထားခြင်းသည်လုံလောက်သော စံနမူနာပြ ဂုဏ်အင်္ဂါရပ်နှင့် အချက်အလက်များ အခိုင်အမာရှိနေသောကြောင့် ဖြစ်သည်။ ပြည်ထောင်စုလှေယာဉ်ကြီးကို လွတ်လပ်ရေးသောင်ကမ်းဆီသို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်အောင် ပဲ့ကိုင်လှော်ခတ်ပေးသော သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ပြီးခေတ် ငြိမ်းချမ်းရေးကာလတွင် ရာထူးအာဏာ စည်းစိမ်ခံစားရမည့် သာယာမှုကို မမက်မော၊ မပြီးဆုံးသေးသော မြန်မာ့လွတ်လပ်ရေးနှင့် မြန်မာလူထုဘဝမြှင့်တင်ရေးကိစ္စကိုသာ ဆုံးခန်းတိုင် ရောက်အောင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်အံ့ဟု စိတ်ပိုင်းဖြတ်သည့် ဂုဏ်အင်္ဂါရပ် များရှိသည်။ ။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁။ ငွေကြေးကိုလည်းကောင်း၊ ၂။ ရာထူးနှင့် အာဏာကိုလည်းကောင်း၊ ၃။ ကိုယ်ရေးကိုယ်တာဘဝစည်းစိမ်ကိုလည်းကောင်း လုံးဝမက်မောသာယာခြင်းမရှိသောကြောင့် လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်စဉ်ကာလက ဂျပန်ရော၊ အင်္ဂလိပ်တို့ကပါ ထိုအချက် သုံးချက်ကြောင့် ဗိုလ်ချုပ်ကို လေးစားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်၏ ကိုယ်ကျိုးစွန့်အနစ်နာခံ စွန့်လွှတ်စွန့်စားမှုများမှာ သွေးတော်သားစပ်ကြသည့် တိုင်းရင်းသား ပြည်သူများအဖို့တွင်မူ အကြွင်းမဲ့ဆိုဖွယ်ရာမရှိပြီ။ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သော အဆိုပါ အဖိုးတန်ရတနာတစ်ပါးသည် ယနေ့တွင် (၁၀၅) နှစ်မြောက် မွေးနေ့သို့တိုင်ရောက်ပြီ ဖြစ်သည်။
(၁၀၅) နှစ်မှ နှစ်ပေါင်းရာထောင် မမေ့နိုင်သော လူထုခေါင်းဆောင်ကို ပြည်သူလူထုတစ်ရပ်လုံးက အသိအမှတ်ပြုကြရာ၌ မျိုးဆက်သစ်များ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ခြိုးခြံချွေတာမှု၊ ရိုးသားဖြောင့်မတ်မှု၊ စွန့်လွှတ်စွန့်စားမှုစသည့်ကောင်းသောဂုဏ်ဒြပ်များကိုလက်ဆင့်ကမ်းအမွေ ယူပြီး နောင်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းပေးဝေသွားကြရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်း တည်ဆောက်နေဆဲဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းအား ချစ်မြတ်နိုးသည့် တိုင်းရင်းသားပြည်သူအပေါင်းတို့က ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းချက်ကို လက်တွေ့ အကောင်အထည်ပေါ်အောင် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။ ။