Skip to main content

အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်တို့က အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။

အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေကျပ် (၁၁၉) သန်းဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးအကြီးအကဲများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဟိန်းမင်းစိုး(သတင်းစဉ်)