Skip to main content

ဆောင်ရွက်ဆဲလုပ်ငန်းများမှ မတည်ငွေရင်း အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် တိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းအသစ် (၁၂)ခု အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြု

နေပြည်တော် ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်း အဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၁၉)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အခြား ဝန်ဆောင်မှု ကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့မှ လုပ်ငန်းသစ် (၁၂)ခုကို  ခွင့်ပြုခဲ့ပါ သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၅၀၁ဒသမ၉၁၃) သန်းနှင့် ကျပ် (၇၃,၄၃၅ဒသမ၃၃၂) သန်း ရှိပြီး ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၆,၆၁၈) နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံပေါင်း (၅၀)မှ စီးပွား ရေးကဏ္ဍ (၁၂) ခု တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ဒသမ၀၀ရာခိုင်နှုန်း)ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင်  စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၁၅ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း၊ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ဒသမ၀၇ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။  

(သတင်းစဉ်)