နေပြည်တော် ဖေဖော်ဝါရီ ၁၃
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ပြခန်းကို နေပြည်တော်၊ သပြေကုန်းဝိုင်းအနီး တွင် ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ခင်းကျင်းပြသလျက်ရှိရာ ကြည့်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် _ သပြေကုန်းအဝိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ၎င်းနေရာအနီးရှိ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်း အမှတ်ပြခန်းတွင်လည်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပရိသတ်များ၏ ကြည့်ရှုလေ့လာမှုများဖြင့် စည်ကားနေခြင်းဖြစ်သည်။
ပြခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ၊ နိုင်ငံရေးသမားဘဝ၊ မိသားစု ဘဝနှင့် နိုင်ငံခြားခရီးစဉ် မှတ်တမ်း ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသား ဖွဲ့ဆိုထားသည့် ကဗျာ အပါအဝင် စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ယူ ခင်းကျင်းပြသလျက်ရှိရာ ညပိုင်းအထိ အဆက်မပြတ် လာရောက်ကြည့်ရှုလျက်ရှိကြသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ပြခန်းကို ဖေဖော်ဝါရီ (၁၄)ရက် ညပိုင်းအထိ ခင်းကျင်းပြသ သွားမည် ဖြစ်ကြောင်း သိရသည်။
ရဲလင်းမြင့်(သုတေသန)