နေပြည်တော် ဖေဖော်ဝါရီ ၁၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးစီးပြီး ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သွေးသစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ထိုမှတစ်ဆင့် လက်ရွေးစင်၊ နိုင်ငံ့ ကိုယ်စားပြုကစားသမားများ ထွက်ပေါ်စေလိုကြောင်း၊ ပြိုင်ပွဲများပြုလုပ်ရာတွင် ကျစ်ကျစ်လျစ်လျစ်ဖြင့် ငွေကုန်ကြေးကျနည်းပါးစွာဖြင့် အောင်မြင်နိုင်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် အဖွဲ့ချုပ်များက စီမံချက်များရေးဆွဲ၍ အကြံပေးစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Training Center များနှင့် ရေကူးအားကစားရုံများအနီး၌ အားကစား သမားများ နေထိုင်သွားလာမှု အဆင်ပြေစေရန် အဆောက်အဦများ ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများ စိတ်ဝင်စားလာစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် အားကစားကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်စေလိုကြောင်း၊ နွေရာသီသင်တန်း၊ ဆောင်းရာသီသင်တန်း၊ ကျောင်းသားအားကစားပြိုင်ပွဲများ သည် လွန်စွာအကျိုးရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများ ကျင်းပရခြင်းသည် ရည်မှန်းထားသည့် အရည်အသွေးများရှိသည့် အားကစားသမားများ ပေါ်ထွက်လာ စေရေးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုစီမှ အားကစားနည်း အလိုက် အရည်အချင်းရှိသည့် အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးစီပေါ်ထွက်လာနိုင်စေရန် ဝိုင်းဝန်း ကြိုးပမ်းစေလိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများတွင် အရည်အချင်းပြည့်ဝသည့် နည်းပြ များကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် နှင့် မျိုးဆက်ဟောင်း အားကစားသမားဟောင်းများကိုလည်း လက်တွဲခေါ်ဆောင်ကြရန် ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အားကစား ပြက္ခဒိန်ရေးဆွဲခြင်းနှင့် ပတ်သက်၍ ၂၀၂၀-၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် မေလ မှ ၂၀၂၁ခု နှစ် ဖေဖော်ဝါရီလအထိ အားကစားနည်း ၂၈ နည်း၊ ပြိုင်ပွဲ ၃၂ ပွဲဖြင့် ကျင်းပသွား မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကျင်းပရန် စီစဉ်ထားရှိမှုကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာနများမှ တာဝန်ရှိသူများက ကဏ္ဍ အလိုက် တင်ပြဆွေးနွေးသည်။ ထို့နောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်း အကြံပြုတင်ပြကြသည်။ ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က နိဂုံးချုပ် အမှာစကား ပြောကြား သည်။
သတင်းစဉ်