Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး

နေပြည်တော် ဇူလိုင် ၁၂

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှုအနေဖြင့် ဖြစ်ပွားသည့်အချိန်မှ ယနေ့အထိ ၁၉၂၂၁၃ ဦး ရှိပြီဖြစ်သဖြင့် မိမိတို့နိုင်ငံလူဦးရေ၏ ၀ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း၊ အာဆီယံ နိုင်ငံများထဲတွင် နံပါတ် ၅ နေရာသို့ ရောက်ရှိနေကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း ကူးစက်မှုနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်ရောဂါ ကူးစက်မှုအား ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်တွင်လက်ရှိဖြစ်ပျက်နေမှုများကို အမှန်အတိုင်းသိရှိရန်လိုကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း ရောဂါကူးစက်မှုနှင့် ပတ်သက်၍ သံသယရှိလာပါက မိမိတို့အိမ်တွင် ဆေးမီးတိုဖြင့်ကြိတ်၍ကုသခြင်းများ ဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာမြို့နယ်များအလိုက် ဖွင့်လှစ်ထားသည့် ဒေသန္တရ ကျန်းမာရေးဌာနများသို့ သွားရောက်အစစ်ဆေးခံရန်လိုအပ်ကြောင်း၊ ဆေးရုံသို့ တိုက်ရိုက် ချက်ချင်းသွားရောက်ရန် မလိုအပ်သေးဘဲ သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးအရာရှိမှ စစ်ဆေးပြီးလိုအပ်ချက်ရှိပါက ဆေးရုံသိုလွှဲပြောင်းပေးမည် ဖြစ် ကြောင်း၊ ဒေသန္တရကျန်းမာရေးဌာနများ၏ စစ်ဆေးမှုများသည်လည်း ထိရောက်မှု ရှိကြောင်း၊ ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် သတင်းပို့ဆက်သွယ် ဆောင်ရွက် သွားရန်လိုကြောင်း၊ ရောဂါကူးစက်မှုခံရသူများအနေဖြင့် သတ်မှတ်ထားသည့် ကျန်းမာရေးနှင့် လျော်ညီသည့် နေရာတစ်ခုတွင် သီးသန့်နေထိုင်ရန်လိုအပ်ကြောင်း၊ အားလုံးကျန်းမာရေးအသိဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေ မှန်များအား မှန်မှန်ကန်ကန် တိတိကျကျဖြင့်သိရှိမှသာ ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် အကျိုးရှိရှိ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့်  နိုင်ငံတော်၏ကျန်းမာရေးဆိုင်ရာ ကာကွယ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်မှုအပေါ် အထောက်အကူပေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ဖြစ်စဉ်များအား အမှန်အတိုင်း ပြည်သူများမှပြောရန်လိုပြီး စစ်ဆေးသည့်အဖွဲ့အစည်းများ အနေဖြင့်လည်း လိုအပ်သည်များအား စီမံဆောင်ရွက်ရန်လိုကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က  အောက်ဆီဂျင်လိုအပ်ချက်များအပေါ် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် သတင်းမှားများ ဖော်ပြနေမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် “နောက် တစ်ခါ Oxygen နဲ့ပတ်သက်ပြီး လူတွေတော်တော်များများ ပြောကြတယ်။ ဒီရက်ပိုင်းအတွင်းမှာ Oxygen နဲ့ ပတ်သက်ပြီး။ တစ်ကယ်တော့ Oxygen က လက်ရှိအနေအထားမှာ လုံလုံလောက်လောက်ရှိပါတယ်။ လူတွေက ကြောက်လန့်ပြီးတော့ စိုးရိမ်ပြီးတော့ အချို့ကလည်း ဝယ်ထားတာ ရှိတယ်။ အချို့ကလည်း မသမာ တဲ့နည်းနဲ့ လုပ်ဖို့ကြိုးစားနေတာလည်း ရှိတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဆောင်ရွက်လိုတဲ့လူတွေလည်း ရှိတယ်။ Oxygen အိုးတွေကို ဝယ်ပြီးတော့ ဖမ်းထိန်းတယ်။ Oxygen ပြတ်သွားပြီ။ အဲဒီမှာ Rumour တွေထွက်ကုန်တယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကပဲ ပြင်ဦးလွင်မှာရှိတဲ့ Oxygen plant ပျက်သွားတယ် ဆိုပြီးတော့ ဖြစ်လာတယ်။ ကျွန်တော်က တာဝန်ရှိတဲ့သူတွေ မေးတဲ့အခါကျတော့ နေ့လည် ၁၂ နာရီအထိ အကောင်းပါပဲတဲ့ ဘာမှမဖြစ်ပါဘူးလို့ပြောတယ်။ ကျွန်တော်မေးကြည့်တယ်။ အဲဒီစက်ရုံကို Check လုပ်ခိုင်းကြည့်တော့။ နောက်ဆုံးရတဲ့ Information ပေါ့။ အဲ့ဒီအချိန်မှာထိ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ ဆိုလိုတာကတော့။ Rumour တွေ ထုတ်ပြီးတော့မှ လူတွေ အထိတ်တလန့်ဖြစ်ပြီးတော့ လုပ်တာပေါ့။ လူတွေက ဘာလည်းဆိုတော့ ပွဲလန့်တုန်း ဖျာခင်းတာ။ အနှောင့်အယှက်မျိုးစုံ ပေးကြတာ။ ဒါကို လည်း။ ပြည်သူလူထုကလည်း သတိရှိရှိနဲ့ဆင်ခြင်ပြီးတော့ ဆောင်ရွက်ကြဖို့ ကျွန်တော် ပြောလိုပါတယ်။ နောက် Oxygen စက်ရုံနဲ့ပတ်သက်ရင်လည်း ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ကျွန်တော်တို့ ဆွေးနွေးပြီးတဲ့နောက်မှာ Oxygen plant တစ်ခုကို ကျွန်တော်တို့ကို လွှဲပြောင်းပေးဖို့အတွက် အလှူရှင်တစ်ယောက်ကနေပြီးတော့မှ ဆွေးနွေးလာတာရှိတယ်။ ကျွန်တော် လက်ခံလိုက်တယ်။ အခု ကျွန်တော်တို့ စလုပ်နေပြီ။ တစ်လအတွင်းမှာ ဒီစက်ရုံပြီးပါမယ်။ Production ပြီးတဲ့အထိကို လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ လောလောဆယ် foundation တော့ပြီးသွားပြီ။ သို့သော်လည်းပဲ နောက်တစ်ဆင့်တက်ရမယ့် လုပ်ငန်းစဉ်ရှိတယ်။ အဲ့ဒါ နှစ်ပတ်လောက် ကြာမယ်။ သူက Weight ကလည်းများတယ်။ ပြီးရင် အဲ့ဒါကိုလာပြီး ဆင်မှာနဲ့ ပြုမှာနဲ့။ နောက် စက်ရုံပြန်ပြီးတော့ လည်ပတ်မယ်ဆို တစ်လလောက်ဆိုရင် ဒီစက်ရုံကို ကျွန်တော်တို့ လည်နိုင်ပြီ။ သူသည် တစ်နေ့ကို အလုံးပေါင်း ၁၄၄၀ ထုတ်နိုင်မယ်။ ဒါ ရန်ကုန်မှာ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ပြောချင်တာ ကတော့။ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတော့ သိပ်မဖြစ်စေဖို့ရယ်။ မလိုအပ်တဲ့ ကော လာဟလတွေ ဖြန့်ချိပြီးတော့ ဆောင်ရွက်တာမျိုး မလုပ်ကြဖို့ရယ်။ ပြည်သူတွေ ကလည်း ဒါလေးပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း ကျွန်တော်ပြောလိုပါတယ်။ အဓိက ကတော့ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ လိုတယ်ဆိုတာလေးလည်း ကျွန်တော်ပြောလိုပါတယ်။ ဒါက လူမှုရေးကိစ္စပါ။ ကျန်းမာရေးကိစ္စ။ လူ့အသက်ကိစ္စ။ ဒါ နိုင်ငံရေးကိစ္စမဟုတ်ဘူး။ ကျန်းမာရေးကိစ္စ။ လူ့အသက်ကိစ္စ။ ဒီအပေါ်မှာ လာပြီးတော့မှ ဒုက္ခရောက်အောင် မလုပ်ဖို့လိုတယ်။ ဒါလုပ်တယ်ဆိုရင်တော့ တော်တော်ကို မိုက်မဲရာကျတဲ့လုပ်ရပ်ပဲလို့ ကျွန်တော်ပြော လိုတယ် ” ဟု ပြောကြားသည်။ 

ယင်းနောက် မိမိတို့နိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ကုသမှုများ ပိုမိုအောင်မြင် စေရန်အတွက် တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ဆေး ၂ သန်း သည်လည်း မကြာမီကာလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများသို့ လှူဒါန်းခြင်းနှင့်ရောင်းချခြင်းများ ပြုလုပ်လျက်ရှိသည်ကို သတင်းများ အရသိရှိရကြောင်း၊ မိမိတို့နိုင်ငံကိုလည်း အိမ်နီးနားချင်းနိုင်ငံတစ်ခုအနေဖြင့် ကူညီဆောင်ရွက်ပေးမှုများရှိပြီး နှစ်နိုင်ငံနယ်စပ်ဒေသများတွင် အထူးသဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ကူညီ ဆောင်ရွက်ပေးနေမှုများရှိကြောင်း၊ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအား မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မဖြစ်မနေလိုအပ်ချက်များရှိမှသာ အပြင်သို့ သွားလာခြင်းများဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား ဆက်လက်လည်ပတ်ရန် ခွင့်ပြုပေးထားပြီး အဆိုပါလုပ်ငန်းများ အနေဖြင့်လည်း COVID-19  ရောဂါကာကွယ် ရေးနှင့်ပတ်သက်ပြီး ညွှန်ကြားထားသည့် ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း ကြိုတင်ကာကွယ်မှုများဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါ ကာကွယ်၊ ကုသမှုများ ဆောင်ရွက် နိုင်ရေး ၁၂၇၈ နေရာတွင် လူဦးရေ ၃၈၉၇၂ ဦးလက်ခံ နိုင်ရေးပြင်ဆင်ထားရှိပြီး အရပ်ဘက်အနေဖြင့် ၁၄၅၃ နေရာတွင် လူဦးရေ ၇၁၄၇၅ ဦး လက်ခံနိုင်ရေး ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများအား စဉ်ဆက်မပြတ် ဆောင်ရွက် နေရမည်ဖြစ်ပြီး အဓိကအားဖြင့် ပြည်သူလူထု၏ပူးပေါင်းဆောင်ရွက်မှုများနှင့် တာဝန်ရှိ အဖွဲ့အစည်းများက ထိထိရောက်ရောက် ပေါင်းစပ်ဆောင်ရွက်သွားမည် ဆိုပါက COVID-19 ရောဂါဖြစ်ပွားမှုနှုန်းအား အတတ်နိုင်ဆုံးအနေအထားတစ်ခုအထိ ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ COVID-19 ရောဂါသည် လုံးဝအရှင်း မပျောက်ကင်းနိုင်သည့် ရောဂါမျိုးဖြစ်သည်ဟု ယူဆရသည့်အတွက် ကာကွယ်ဆေးများ အမြဲမပြတ် လိုအပ် နေမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံအတွင်း ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်ဖွဲ့များ အားလုံးပူးပေါင်း ဆောင်ရွက်ရန်နှင့် COVID-19 ရောဂါ ကာကွယ်ရေးသည် အမျိုးသားရေးဖြစ်သဖြင့် ပုဂ္ဂလိက ကဏ္ဍများမှပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်း ဖြင့် နိုင်ငံတော်အတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အခမ်းအနား တက်ရောက် လာကြသူများက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများလိုအပ်ချက်ရှိမှု၊ အောက်ဆီဂျင်များအား မသမာသည့် ရည်ရွယ်ချက်များဖြင့် ဝယ်ယူစုဆောင်းခြင်းများကြောင့် အမှန်တကယ်လိုအပ်သည့် ပြည်သူများအတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိမှု၊ လိုအပ်သည့် အောက်ဆီဂျင်များအား တပ်မတော်စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိက စက်ရုံများမှ နေ့စဉ်ထုတ်လုပ်၍ ဆေးရုံများသို့ နေ့စဉ်ဖြန့်ဝေပေးနေမှုနှင့် အောက်ဆီဂျင် များ လုံလောက်စွာရရှိရေး စီမံဆောင်ရွက်နေမှု၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပုဂ္ဂလိကဆေးရုံများတွင် ကုသနိုင်ရေး ခွင့်ပြုပေးမှု၊ COVID-19 ရောဂါကာကွယ်ဆေးများ ရောက်ရှိသည့်အချိန်တွင် ပြည်သူများအမြန်ဆုံး ထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ စီးပွားရေးနှင့် သက်ဆိုင်မှုမရှိသည့် ရောဂါကာကွယ်ရေး ဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းမှုအပေါ် အကောက်အခွန်ကင်းလွတ်ခွင့်ပေးထားမှု၊ ဝေးလံခေါင်ဖျားသည့် ဒေသများအတွက် လိုအပ်သည့် အောက်ဆီဂျင်စက်များနှင့် COVID-19 ရောဂါစစ်ဆေးသည့် စက်များလုံလောက်စွာရရှိရေး ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပုဂ္ဂလိကစက်ရုံများမှ အောက်ဆီဂျင်များအား ထိုက်သင့်သည့်ဈေးဖြင့် ရရှိရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက် ပစ္စည်းများအား ပြည်ပမှတင်သွင်းရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရန်နှင့် ပြည်သူများအနေဖြင့် ထိုက်သင့်သည့်ဈေးနှုန်းများဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ လိုအပ်လျက်ရှိသည့် ဝေးလံခေါင်ဖျားသည့်ဒေသများသို့ တပ်မတော်သားဆရာဝန်များစေလွှတ်ပေး သွားမည်ဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု စက်ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း၊ ပြည်သူများစိုးရိမ်စိတ်များဖြစ်ပေါ်စေရန် သတင်းမှားများဖြင့် လုပ်ဆောင်မှုများရှိသောကြောင့် ပြည်သူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေး မှုများအား စဉ်ဆက်မပြတ်ဆောင်ရွက် ပေးသွားရန်လိုကြောင်းဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဒေသအလိုက်လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီသိရှိရန်လိုအပ်ပြီး ချက်ချင်းအရေးယူဆောင်ရွက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံးရှိအောက်ဆီဂျင်စက်ရုံများ၊ တပ်မတော်ဆေးရုံများ၊ အရပ်ဘက်ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများရှိ အောက်ဆီဂျင်ထုတ်လုပ်မှုအခြေအနေများအား သိရှိအောင် ဆောင်ရွက်ထားရန်လိုအပ်ပြီး လိုအပ်ချက်များရှိသည့်နေရာများသို့ အမြန်ဆုံးပို့ ဆောင်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ လူနေမှုထူထပ်သည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကူးစက်မှုများအား မျက်ခြည်မပြတ်ကြည့်ရှု၍ အမြန်ဆုံး ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ Community COVID Positive Centre များထားရှိခြင်းသည် အကျိုးရှိ သည့်ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ အဆိုပါနေရာများတွင် တာဝန်ထမ်းဆောင်ကြသည့် စေတနာ့ဝန်ထမ်းများအတွက်လည်း ကျွေးမွေးမှုလုပ်ငန်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးစီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ COVID-19 ရောဂါကာကွယ် ရေးအတွက်လှူဒါန်းလိုသည့် အလှူရှင်များထံမှ အလှူငွေများ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လက်ခံနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပတွင်ရောက်ရှိနေသည့် မိမိတို့နိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် အိမ်နီးနားချင်းနိုင်ငံများတွင် ရောက်ရှိနေသူများအား ပြန်လည်ခေါ်ယူသွားမည် ဖြစ်ကြောင်း၊ ပြန်လည်ရောက်ရှိသူများအား COVID-19 စည်းကမ်းချက်များနှင့်အညီ တိတိကျကျဆောင်ရွက်ရန်လိုကြောင်း၊ ဝေးလံသည့်နိုင်ငံများ တွင်ရောက်ရှိနေသူများကိုလည်း ပြန်လည်ခေါ်ယူရန်လိုကြောင်း၊ မိမိတို့နိုင်ငံသားများ မိမိတို့နိုင်ငံအတွင်းနေထိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း။

ထို့နောက် ညမထွက်ရသတ်မှတ်ထားသည့် နယ်မြေဒေသများတွင် ကျန်းမာရေး ကိစ္စနှင့်ပတ်သက်ပြီး အချိန်မီဆောင်ရွက်ပေးနိုင်ရေးအတွက် ပြောကြားရာတွင် “နောက်တစ်ခုက စောစောက တွဲဖက်အတွင်းရေးမှူးဆွေးနွေးသွားတဲ့ ညမထွက်ရမြို့ တွေက အရေးပေါ် သွားလာမှုနဲ့ ပတ်သက်ပြီး တစ်ချက်ပါလာတာရှိတယ်။ အဲ့ဒါလည်း မှန်တယ်။ ညမထွက်ရမြို့တွေကျတော့လည်း လုံခြုံရေးအဖွဲ့အစည်းတွေက ဟိုတား ဒီတားတားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်ကဟုတ်က အမြတ်ထုတ်ပြီး မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲဒီတော့ ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ်လူနာ သွားလာရေးနဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိ သွားလို့ရအောင်လုပ်ရမယ်။ ဆေးရုံတွေ သွားနိုင်ဖို့အတွက်။ ဥပမာအားဖြင့်-သူသည် မြို့နယ်မှာပဲ သွားတာလည်းဖြစ်မယ်။ တခြားမြို့နယ်ကျော် သွားတာလည်း ရှိရင် ရှိမယ်။ အဲဒါကိုတော့ စိစစ်ပြီးတော့ တစ်ခါတည်းစိစစ်။ တစ်ခါတည်း ခွင့်ပြုဖို့လိုမယ်။ ဖြတ်သန်းခွင့်ပေးဖို့လိုမယ်။ တချို့နေရာမှာလည်း Check လုပ်တာတော့ ရှိရင် ရှိမှာပေါ့။ Check လုပ်တာ နှစ်မိနစ်လောက်ရှိရင် ရှိမှာပေါ့။ စက္ကန့် ၃၀ လောက်ကြာရင် ကြာမှာပေါ့။ လူနာပြ။ ဟုတ်ပြီ။ ဆရာဝန်ပါလား။ ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းပါလား။ ဟုတ်ပါတယ်ဆို  ချက်ခြင်းလွှတ်လိုက်ပေါ့။ ပြီးတာပါပဲ။ လုံခြုံရေး အဖွဲ့အစည်းအချင်းချင်း Contact ရှိဖို့လိုတယ်။ အဲဒီလိုလည်း လုပ်လို့ရရင်လဲ ညမထွက်ရဖြစ်လာတဲ့ ကိစ္စရပ်တွေမှာလည်း ကျော်လွှားလို့ရတယ် ဆိုတာလေး ကျွန်တော်ပြောလိုပါတယ် ဟု ပြောကြားသည်။

ဆက်လက်ပြီး မီဒီယာများအနေဖြင့် အများပြည်သူအကျိုးရှိစေမည့် သတင်းများ နှင့် မှန်မှန်ကန်ကန် ဖော်ပြရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ “နောက် တစ်ခါတော့ မီဒီယာများကိစ္စပါ။ ဒါ ခုနက ဆွေးနွေးတဲ့ထဲမှာ ပါတာပေါ့။ မီဒီယာ တွေကတော့ တကယ်လည်း အဖျက်အမှောင့် လုပ်ငန်းနဲ့။ နိုင်ငံရေးအရပြောရင် တခြားကိစ္စနဲ့ ပြောရင်ပြောပေါ့။ ဒီ Covid နဲ့ ပတ်သက်ပြီးတော့။ ဒါ အများပြည်သူနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ အစိုးရ ထိခိုက်တဲ့ ကိစ္စမဟုတ်ဘူး။ အများ ပြည်သူထိခိုက်တဲ့ ကိစ္စဖြစ်တယ်။ မီဒီယာတွေကတော့ မှန်မှန်ကန်ကန်ရေးပေးဖို့။ ထုတ်ပြန်ဖို့လိုတယ်။ မီဒီယာတွေကနေပြီးတော့ ရေးသားတာလည်း မှန်မှန်ကန်ကန် ဖြစ်ဖို့လိုတယ်။ အပြုသဘောနဲ့ရေးတာတော့ ကျွန်တော်တို့ ဘာမှ လက်မခံနိုင်စရာ အကြောင်းမရှိပါ ဘူး။ သို့သော် အချို့က အဖျက်သဘောနဲ့ လုပ်တာတွေ ရေးတာတွေ တွေ့တယ်။ ဒါတော်တော်ကြီးကို ဒီရက်ပိုင်းအတွင်းမှာ များလာတာတွေ့တယ်။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုတဲ့ ဟာမျိုးပေါ့။ ဒီလိုမျိုး စိတ်နဲ့လုပ်တာကတော့ တော်တော်လေးကို အင်မတန်ကို တော်တော်ဆိုးရွားပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့သူတွေပါ။ ဘယ်ဘာသာမှလည်း လက်မခံဘူး ဒီဟာကို။ သူများဒုက္ခရောက်မယ့်ကိစ္စမျိုးကို ဘယ်ဘာသာမှလည်း လက်မခံဘူး။ အထူးသဖြင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ။ ဒါနဲ့ ပတ်သက်ပြီး ပိုပြီး အလေးထားတဲ့နေရာ၊ နိုင်ငံဖြစ်ပါတယ်။ လူမှုရေးစိတ်ဓာတ်နဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ပိုပြီးတော့မှ အလှူအတန်းလည်း စိတ်ရှိကြတယ်။ volunteer စိတ်လည်း ရှိကြ တယ်။ ဒီလိုနေရာမျိုးမှာ ဒီလိုစိတ်ဓာတ်တွေကို ပျက်ပြား အောင်လုပ်တာမျိုးကတော့ ဒါ မဖြစ်သင့်ဘူး။ အသိတရားနဲ့ရော၊ သတိတရားနဲ့ရော။ အားလုံးကနေ လုပ်ဖို့လိုမယ်လို့ ကျွန်တော်ပြောလိုပါတယ် ဟု ပြောကြားသည်။

ယင်းနောက် မိမိတို့အနေဖြင့် လက်ဝယ်တွင်ရှိသည့် စွမ်းအားစုများအား COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ထိထိရောက်ရောက်အသုံးချ ဆောင်ရွက်ရန်လိုကြောင်း၊ အောက်ဆီဂျင်များလုံလောက်စွာရရှိအောင် ဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ လုံလောက်စွာရရှိအောင် ထုတ်လုပ်ခြင်းနှင့် ပြည်ပမှတင်သွင်းခြင်းများအား မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ရရှိအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများအား မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက်အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက် ကြရန်လိုပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်များအား အားလုံးဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)