Skip to main content

စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင် ရောဂါကပ်ဆိုးကို ရင်ဆိုင်

ဇူလိုင် ၁၂ ရက် ည ၈ နာရီမှ ဇူလိုင် ၁၃ ရက် ည ၈ နာရီအထိ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြလူနာ တွေ့ရှိမှုမှာ ရာခိုင်နှုန်း အားဖြင့် ၃၅ ရာခိုင်နှုန်းခန့် ရောက်ရှိလာသည်။ ယင်းမှာ လူသုံးယောက်လျှင် တစ်ယောက်မက ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားနေကြောင်း တွေ့ရှိရသည့် သဘောပင်ဖြစ်သည်။ ကူးစက်မှုနှုန်းမြင့်မားခြင်းနှင့်အတူ ရောဂါပြင်းထန်မှုနှင့် သေဆုံး မှုကိုလည်း မြင့်မားလျက်ရှိသည့်အတွက် ရောဂါကူးစက်မှုကို ထိန်းချုပ်တားဆီးရန် လူတိုင်းက ဂရုပြုဆောင်ရွက်ကြရန်လိုသည်။

ရောဂါကူးစက်ဖြစ်ပွားမှုရုတ်တရက်မြင့်တက်လာခြင်းကကုသ ရေးတွင် လိုအပ်ချက်များ ကြီးကြီးမားမား ဖြစ်ပေါ်လာပြီး ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံခုတင်၊ ဆေးဝါး၊အောက်ဆီဂျင် စသည်ဖြင့် ပြတ်လပ်မှုများနှင့် ရင်ဆိုင်ကြရသည်ကို နိုင်ငံတကာ အတွေ့အကြုံများတွင် တွေ့မြင်ရသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း တွေ့မြင်လာရပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် သေစေနိုင်သည့် ရောဂါဖြစ်သော်လည်း ရောဂါပိုးကူးစက်ခံရသူတိုင်း ပြင်းထန်သည့် အခြေအနေသို့ ရောက်ရှိသွားခြင်း မဟုတ်သည့် အတွက် အကြောက်မလွန်ရန် လိုအပ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ခွဲက ကိုရိုနာဗိုင်းရပ်စ် (covID-19) ရောဂါဖြစ်ပွားလျှင် ရောဂါ ပြင်းထန်သည့် လူနာ၂၀ရာခိုင်နှုန်းခန့်သည် ဆေးရုံတွင် တက်ရောက် ကုသမှုခံယူရန် လိုအပ်ပြီး အဆိုပါ ၂ဝ ရာခိုင်နှုန်းတွင် ၅ ရာခိုင်နှုန်း ခန့်သည် အထူးကြပ်မတ်ကုသမှုခံယူရပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း ပညာပေးထုတ်ပြန်ထားရာ ရောဂါကူးစက်မှု မခံရစေရန် ဂရုပြုနေထိုင်ရန် လိုအပ်သော်လည်း အစိုးရိမ်လွန်၊ အကြောက်လွန်ပါက ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေနိုင်ကြောင်း သတိချပ်ကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်း ဆေးရုံသို့ သွားရောက် ရန် မလိုအပ်သေးသည့် အခြေအနေဖြစ်ပါက နေအိမ်တွင် နေထိုင် နိုင်သည့် နည်းလမ်းများကို ကျန်းမာရေး ပညာရှင်များက အကြံပြု ပေးလျက်ရှိရာ လေ့လာမှတ်သားထားရန် လိုအပ်မည်ဖြစ်သည်။ ကိုဗစ် -၁၉ ကူးစက်ခံရသူကို အိမ်သားများနှင့် ထိတွေ့မှုမရှိအောင် သီးခြားခွဲထားရန်၊ အခန်းသီးသန့်ခွဲရန် နေရာမရှိပါကလည်း အလင်း ရောင်နှင့် လေကောင်း လေသန့် ရသည့်နေရာတွင် ထားရန်နှင့် အခြားသူများကို ကူးစက်မှု အခွင့်အလမ်းနည်းပါးစေရန် လူနာကို ပါးစပ် နှာခေါင်းစည်း တပ်ဆင်ထားရန်။ ရေချိုးခန်းအိမ်သာတို့ကို လည်း သီးခြား မသုံးစွဲနိုင်ပါက လူနာသုံးစွဲပြီးလျှင် သန့်စင်အောင် ဆေးကြောရန်။ လူနာစားသောက်ရန် ပန်းကန်၊ ခွက်တို့ကို တစ်ခါသုံး သုံးစွဲပြီး စနစ်တကျထုပ်ပိုး စွန့်ပစ်ရန်၊ အာဟာရပြည့်ဝစွာ စားသောက်ရန်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ရန်နှင့် အသက်ရှူ လေ့ကျင့်ရန်၊ မှောက်လျက် အိပ်သည့် နည်းဖြင့် အောက်ဆီဂျင် ပိုမိုရရှိ အောင် ဆောင်ရွက်ရန်၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း၊ သွေးခုန်နှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း တို့ကို တစ်နေ့ သုံးကြိမ်ပြုလုပ်ရန်၊ ရောဂါပြင်းထန်ပြီး အသက်ရှူမဝခြင်း၊ အမော ဖောက်ခြင်း၊ သွေးတွင်းအောက်ဆီဂျင် ၉၅ အောက် ရောက်ရှိခြင်း အခြေအနေတို့တွင် ဆေးရုံသို့သွားရောက် ရန်ဟူ၍ အကြံပြု ထားသည်။

ဖျားနာခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာ များအတွက် အိမ်သုံးဆေးဝါးများဆောင်ထားပြီး ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင် သော်လည်း အိမ်တွင် မိမိသဘောဖြင့် လူနာကို အောက်ဆီဂျင် ပေးခြင်းကိုမူ မပြုလုပ်သင့်ကြောင်းနှင့် တက်ကျွမ်းနားလည်သည့် ဆရာဝန်၏ ကြီးကြပ်မှုဖြင့်သာ ပြုလုပ်သင့်ကြောင်းကိုလည်း တိုက်တွန်းထားသည်ကို တွေ့ရသည်။ အနာရောဂါဟူသည် မဖြစ်ခင်က ကြိုတင် ကာကွယ်ခြင်းသည်က အကောင်းဆုံးဖြစ် သည်။ ကံအကြောင်းမလှ၍ ကူးစက်ခံလာရပါ ကလည်း စိတ်ဓာတ် ကြံ့ခိုင်စွာဖြင့် စနစ်တကျရင်ဆိုင်ကြရမည် သာဖြစ်သည့် အလျောက် ကျန်းမာရေးအသိ သတိရှိဖြင့် ကိုဗစ်-၁၉ ကပ်ဆိုးကို ကျော်လွှား နိုင်ကြပါ စေကြောင်း။ ။