ဘားအံ ဖေဖော်ဝါရီ ၁၄
ပိုးမွေးမြူရေးနှင့် ပိုးချည်မျှင်ထုတ်လုပ်ခြင်း မိတ်ဆက်ဖြန့်ဖြူးမှုစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကမော့ကပို မျိုးစေ့ခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့် အမှာစကားပြောကြားပြီး JICA (Japanese International Cooperation Agency) မှ Mr.EW AI NOBUO (Senior Representative JICA Myanmar Officer) က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပိုးမွေးမြူခြင်း၊ ပိုးချည်မျှင်ထုတ်လုပ်ခြင်း၊ မိတ်ဆက်ဖြန့်ဖြူးမှု စီမံကိန်းနှင့် ပတ်သက်သော အဆောက်အဦ၊ စက်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ Diamatsu Co.Ltd ၏ Cheir Man ဖြစ်သော Mr. FUJIIbKEJIE နှင့် Diamatsu Co.Ltd မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း တင်ပြသည်။
ဆက်လက်ပြီး လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ မှတ်တမ်းလွှာတွင် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် JICA မှ Mr.EW AI NOBUO (Senior Representative JICA Myanmar Officer) မှ လက်မှတ်ရေးထိုးပြီး မှတ်တမ်းလွှာ အပြန်အလှန် လွှဲပြောင်းပေးအပ်ကြသည်။ ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနားတွင် တက်ရောက်လာကြသော ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ JICA မှ တာဝန်ရှိသူများ၊ Diamatsu Co.Ltd မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပိုးမွေးမြူရေးလုပ်ငန်းအား လှည့်လည်ကြည်ရှုခဲ့ကြသည်။
နေမျိုးလွင်(ပြန်/ဆက်)