Skip to main content

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော်   ဖေဖော်ဝါရီ   ၁၄

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က  လွိုင်ကော်မြို့ Famous Hotel အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

အခမ်းအနားတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းစိုးမှ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရသည့် အကြောင်းအရင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားသည့် စံ(၅)ချက်ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာ မှုရှိရမည်၊ အများယုံကြည် လက်ခံမှုရှိရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည် ဆိုသည့်အချက်များ နှင့်အညီ ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ (DIPD) Danish institute for parties and Democracy မှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် ဒေါ်ခင်သဇင်မြင့်က ပါတီနှင့် ကော်မရှင်အကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး ဦးတည်သည့် ကောင်းမွန်သောအခင်းအကျင်းပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး  ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်း က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုပြီးစီးမှု အခြေအနေ၊ ကြိုတင်ဆန္ဒမဲနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းထားချက်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေး ပြောဟောခွင့်၊ မဲဆွယ်စည်းရုံးခွင့်နှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေး ပါတီများသို့ ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လမ်းညွှန်ချက်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ ဖွင့်လှစ်မည့် အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးရှင်းလင်း ပြောကြားသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးမှုများနှင့် ပတ်သက်၍ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲ အရာရှိ ဦးကျော်ဆန်းဝင်း တို့မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲအား DIPD (Danish institute for parties and Democracy) ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် ရွေးကောက်ပွဲ အရာရှိများ၊ ပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီ (၁၅) ပါတီမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းလေး