Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်လမ်းညွှန်မှာကြား

ရန်ကုန် ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်မှာကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများ  တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များ အားလုံက ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်  အတွင်းရေးမှူး များအား စုံစုံညီညီ တွေ့ဆုံရသည့်အတွက် အင်မတန် ဝမ်းသာပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ(၅)ချက်ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများ ယုံကြည်လက်ခံမှုရှိရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံ(၅)ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အလားတူ အခြေခံ မဲဆန္ဒရှင် စာရင်းမှန်ကန်ပြည့်စုံမှု ရှိစေရေးအတွက်ကိုလည်း ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုရေး နှစ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိ အချိန်ကာလသည် စီမံချက် အပိုင်း(၃)ဖြစ်သည့် ပြောင်းလဲနေသည့် လူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများကို လစဉ် ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း။

အဆိုပါစီမံချက်ကို မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်မှသာ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ မဲစာရင်းသည် ပြည့်စုံမှန်ကန်သော မဲစာရင်းတစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် အနေဖြင့်လည်း အမှားအယွင်း ကင်းသော မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် ပြောင်းလဲနေသော မဲဆန္ဒရှင်စာရင်းများကို လစဉ် စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အလားတူ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာချိန်တွင်လည်း မဲဆန္ဒရှင်များလာရောက် ကြည့်ရှု စစ်ဆေးကြစေရေးနှင့် မဲစာရင်းပိုမိုပြည့်စုံ မှန်ကန်စေရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ခြင်း၊ မဲဆန္ဒရှင် အသိပညာပေး ဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကော်မရှင်အဖွဲ့ခွဲများမှ အများယုံကြည် လေးစား ခြင်းခံရသော ပုဂ္ဂိုလ်များနှင့် အရာထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆရာဖြစ်သင်တန်းများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း အုပ်စု(၃)အုပ်စုခွဲ၍ နေပြည်တော်တွင် ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို တက်ရောက်ခဲ့သည့် နည်းပြများက သက်ဆိုင်ရာခရိုင်များအလိုက် ဆင့်ပွားသင်တန်းများကို (၂)ကြိမ်စီခွဲ၍ ဖွင့်လှစ်ပို့ချပြီးသည်ကို သိရှိရပါကြောင်း၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်၊ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အောင်မြင်စွာ ကြီးကြပ်ဆောင်ရွက်နိုင်စေရန် အတွက် ရည်ရွယ်ပြီး စွမ်းရည်မြှင့် သင်တန်းများကို ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း။

ယခု တက်ရောက်လာကြသူများသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား စံ(၅)ချက် နှင့်အညီ စံပြရွေးကောက်ပွဲတစ်ခုအဖြစ် အောင်မြင်အောင် ဥပဒေနှင့်အညီ ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြမည့်သူများ ဖြစ်သည်ဟုလည်း ယုံကြည်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အများယုံကြည်လေးစားသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်(၃)ဦး အတွက် ၂၀၂၀ ပြည့်နှစ် (၁)နှစ်စာ ချီးမြှင့်ငွေ ခံစားခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စေတနာကို တုံ့ပြန်သောအားဖြင့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ကြိုးစားထမ်းဆောင် သွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့် က ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ဆိပ်ကမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်ပေးခဲ့ကြသော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား တစ်ဦးချင်းစီသို့ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)