Skip to main content

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး တရားအလှူတော် ဓမ္မပူဇာသဘင် (တတိယနေ့) စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၀ ခုနှစ်၊ နှစ်သစ်ကူး တရားအလှူတော် ဓမ္မပူဇာသဘင် (တတိယနေ့) ကို ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ယနေ့ ညပိုင်းတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက ``နာနာတိတ္ထိယ သုတ္တန်တရားတော် ´´ ကိုဟောကြားတော်မူရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယ ဥက္ကဋ္ဌ  ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ တရားနာပရိတ်သတ် တစ်သိန်းကျော် တက်ရောက်နာယူကြည်ညို ကြသည်။

နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရှိန်ဝင်း က``ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လေးကြိမ်မြောက်တရားအလှူတော် ကျင်းပခြင်း ဖြစ်ပါတယ်။ ဒီလိုနှစ်သစ်ကူး အချိန်အခါမှာ ဆရာတော်ကြီးတွေရဲ့ ဆုံးမဩဝါဒတွေကို တိုက်ရိုက် ဖူးမျှော်ကြည်ညိုခွင့်ရဖို့အတွက် အားလုံးက စိတ်ဓာတ်ခွန် အားပြင်းပြစွာနဲ့ လာရောက်ကြတာ ဖြစ်ပါတယ်။ တရားနာပရိတ်သတ်တွေ အဆင်ပြေစွာလာရောက်နိုင်ဖို့ ကြို/ပို့ယာဉ် တွေကိုလည်း ကော်မတီကဆောင်ရွက်ပေးထားပါတယ်။ ဒီတရားပွဲဟာရန်ကုန်တိုင်း အတွင်းမှာ ကျင်းပတာဖြစ်ပေမယ့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလည်းတစ်ပြိုင်တည်း တစ်ချိန်တည်းမှာ အားလုံးနာယူ ကြည်ညိုလို့ရအောင်ရုပ်/သံ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်းပြု လုပ်ပေးထားပါတယ်´´ ဟုပြောသည်။

နှစ်သစ်ကူး တရားပွဲတော်တွင် စေတနာရှင်များ ကစတုဒိသာလှူဒါန်းမှုများကိုပြုလုပ်ကြသည့် အပြင် တရားနာ ပရိတ်သတ်များအတွက် ကျန်းမာရေးစောင့်ရောက်မှုများကို သက်ဆိုင်ရာနှင့်အတူ  ပုဂ္ဂလိကဆေးရုံများ၊ လူမှုရေး အသင်းအဖွဲ့များကလည်း အခမဲ့ဆေးဝါးစောင့်ရှောက်မှု ဆေးကုသခန်းများဖွင့်လှစ်ကာ ပါဝင်ဆောင်ရွက် ပေးကြသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တရားပွဲသို့လာရောက် နာယူကြည်ညိုကြမည့် တရားနာ ပရိတ်သတ်များ သွားလာမှု အဆင်ပြေစေရန် အခမဲ့ YBS ကြို/ပို့ ယာဉ်များကို သက်ဆိုင်ရာ စုရပ်များအလိုက် စီစဉ် ဆောင်ရွက်ပေးထားသည့်အပြင် စေတနာရှင် ပြည်သူတို့ကလည်း မိမိတို့၏ ရပ်ကွက်များ၊ လမ်းများ အတွင်းမှစုပေါင်း၍ လည်းကောင်း၊ စေတနာရှင် အငှားယာဉ်မောင်းများကလည်း  အခမဲ့ လိုက်ပါပို့ဆောင်မှုများပြုလုပ်၍ လည်းကောင်း၊ တရားနာ ပရိတ်သတ်များ သွားလာမှု အဆင်ပြေစေရန် ဆောင်ရွက်ပေးကြသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက် မှ တရားနာပရိတ်သတ် ဒေါ်မိုးမိုးက ``နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ တရားပွဲလည်းဖြစ်တယ်။ ဆရာတော်ကြီးတွေကိုလည်း ကြည်ညိုတဲ့ အတွက် အခုလိုလာရောက်ရတာပါ။ အရင်နှစ်တွေတုန်းကမလာဖူးပါဘူး။ ဒါပထမဆုံး အကြိမ်ပါ။ အလှူအတန်းတွေနဲ့ လူငယ်တွေရဲ့ လုပ်အားဒါနတွေကိုမြင်တွေ့ရတော့ ဝမ်းသာကြည်နူးမိတယ်။ နှစ်ဦးတရားပွဲတော်ရဲ့ အကျိုးကျေးဇူး ကတော့ ထူးခြားပါတယ်။ ဆရာတော်ကြီးတွေပေးတဲ့တရားတွေလည်းရတယ်။ အသိပညာ ၊ ဗဟုသုတတွေလည်းရတယ်။ လှူတဲ့သူတွေလည်းပေါများတာ မြင်ရတော့ စိတ်ချမ်းသာဖို့ကောင်းတယ်´´ ဟုပြောသည်။

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှ တရားနာပရိတ်သတ် ကိုသန်းထိုက်က `` တစ်နှစ်မှာတစ်ခါလောက် ဖူးရခဲတဲ့ ဆရာတော်ကြီးတွေရဲ့ တရားတော်တွေကို နာယူချင်လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း တရားပွဲလိုက်ချင်တဲ့ အိမ်နီးချင်းတွေကို ကားနဲ့ခေါ်ခဲ့တယ်။ ဆရာတော်ကြီးတွေရဲ့ တရားတွေကိုလည်း တစ်နေရာ တည်းမှာ ပြည်သူအများ စုပေါင်းနာယူနိုင်သလို စေတနာရှင်တွေရဲ့ သဒ္ဒါတရားတွေ၊ အလှူဒါနတွေကို လည်းမြင်တွေ့နိုင်တဲ့အတွက် အင်မတန်ဝမ်းမြောက်ကြည်နူးဖို့ကောင်းပါတယ်။ တဒင်္ဂတစ်ခဏမှာ လောဘ၊ ဒေါသ၊ မောဟ တွေကင်းငြိမ်းသွားသလိုခံစားရတယ်´´ ဟုပြောသည်။

နှစ်သစ်ကူး အချိန်အခါ သမယတွင် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဆရာတော်ကြီးများ၏ ဆုံးမ ဩဝါဒများကို ပြည်သူများ နာကြားခွင့်ရခြင်းအားဖြင့် တစ်နှစ်တာကာလအတွင်း မိမိတို့၏ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ အဆိုပါ နှစ်သစ်ကူး တရား အလှူတော် ဓမ္မပူဇာသဘင်ကိုကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ နှစ်သစ်ကူး တရား အလှူတော် ဓမ္မသဘင် ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင် ကျင်းပရာ ပထမနေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ကလည်းကောင်း၊ ဒုတိယနေ့တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ကလည်းကောင်း၊ ယနေ့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ကလည်းကောင်း နှစ်သစ်ကူးတရားတော်များကို ဟောကြားခဲ့ကြောင်းသိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်