Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့အခမ်းအနားသည် အလွန်အရေးကြီးပါကြောင်း၊ ယခုကဲ့သို့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုကို မထိန်းချုပ်ပါက နောင်လာမည့် ၅ နှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဘတ်ဂျက် ၅၀ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကင်ဆာ၊ နှလုံးရောဂေါ၊ သွေးတိုး စသည့် ရောဂါပေါင်းများစွာကို ကုသရင်းဖြင့် ကုန်ဆုံးသွားမည် ဖြစ်ပါကြောင်း၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်သည့်ရောဂါအားလုံးသည် နာတာရှည်ရောဂါဖြစ်သည့် အတွက် တစ်သက်လုံး ခံစားသွားရမည်ဖြစ်ပြီး တစ်သက်လုံး ဆေးကုသမှုခံယူ သွားရမည်ဖြစ်ပါကြောင်း။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးကိစ္စတွင် ပြည်သူများ မပါဝင်ပါက အောင်မြင်နိုင်မည်မဟုတ်ပါကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ယခုကဲ့သို့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ တစ်နိုင်ငံလုံး အတိုင်အတာဖြင့် ပြည်သူများပါဝင်လာအောင် ဆောင်ရွက်သွားပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကို ပိုမိုထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ဆေးလိပ်ငွေ့ကင်းစင်သောနေရာများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားသည် ၎င်းအမိန့်ကြော်ငြာစာကို နေပြည်တော်ကောင်စီ နယ်မြေအတွင်းတွင် နေထိုင်ကြသည့် ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်သွားကြရန် အသိပေးသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယင်းအမိန့်ကြော်ငြာစာအရ သတ်မှတ်ထားသည့် ဆေးလိပ်သောက်ခွင့်မရှိသည့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဆေးလိပ် မသောက်စေရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အများပြည်သူများ သိရှိစေရန် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပြီး လိုက်နာဆောင်ရွက်သွားကြရန် ပညာပေးစည်းရုံးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာနှင့် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်း၊ ဆေးလိပ် မသောက်ရနယ်မြေများနှင်ပတ်သက်၍ ကျောင်းသူကျောင်းသားများက သရုပ်ဖော် တင်ဆက်ခြင်း၊ ဆေးလိပ်နှင်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး လုပ်ငန်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဆေးလိပ်ငွေ့ ကင်းစင်ရေးနှင့်ပတ်သက်၍ ကျောင်းသူကျောင်းသားများက သရုပ်ဖော်တင်ဆက်ခြင်း တို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်း မှတ်တမ်းတွင် ဓာတ်ပုံရိုက်ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းပြခန်းအား လှည့်လည်ကြည့်ရှု ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ စာရင်းများအရ ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ (၈)သန်းခန့်သည် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် အရွယ်မတိုင်မီ သေဆုံးလျက်ရှိပြီး ၎င်းတို့အနက် ၁ သန်းခန့်သည် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်မိခြင်းကြောင့် သေဆုံးနေကြ သည်ကို တွေ့ရှိကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုသည် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်သည်ကို စစ်တမ်းများအရ သိရှိရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဉ်လူဦးရေ (၆)သောင်းခွဲခန့် သေဆုံးနေပြီး စုစုပေါင်းသေဆုံးမှုနှုန်း၏ ၁၇ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှုရှိုက်ရမှုနှုန်းကို ကြည့်မည်ဆိုပါက လုပ်ငန်းခွင်များတွင် ၂၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ၂၈ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

(သတင်းစဉ်)