Skip to main content

သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

သတင်းအချက် ရပိုင်ခွင့် ဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်၉ နာရီ တွင် နေပြည်တော်ရှိ  ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

သုံးသပ်ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဦးအောင်စိန်နှင့် ဦးစိုင်းထွန်းအေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမျိုးဝင်း၊ ဦးစိုးသိန်းနှင့် ဦးစိုးမိုး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နေပြည်တော်ကောင်စီ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်ရုံး တို့မှ အမြဲတမ်းအတွင်းဝန်များ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ဆွေးနွေးပွဲသည် သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေ မူကြမ်းနှင့် ပတ်သက်သော အကြံပြုချက်များကို ပြည်လည်သုံးသပ် ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ယခုသုံးသပ်ဆွေးနွေးပွဲပြီးပါက မူကြမ်းတွင် ထပ်မံ ပြင်ဆင်ပြီးသည့်အခါ ကျန်ရှိသည့် ပြင်ပမှ သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေနှင့် ပတ်သက်သည့် အခြားအဖွဲ့အစည်းများနှင့် ထပ်မံဆွေးနွေးရန် ရှိပါကြောင်း စသည့်ဖြင့် ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဝန်ကြီးဌာနများ အဖွဲ့အစည်းများနှင့် ဆွေးနွေးဆောင်ရွက်မည့် အစီအမံများ၊ သတင်းအချက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း) အပေါ် မဏ္ဍိုင်ကြီးသုံးရပ်ရှိ အဖွဲ့အစည်းများမှ ပေးပို့ထားသော သုံးသပ်ချက်နှင့် အကြံပြုချက်များမှ ကောက်နုတ်ချက်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က သတင်းအချက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ အကြံပြုချက်များကို တင်ပြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အခန်းအလိုက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ်သည့် အချက်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဆွေးနွေးပွဲ ရလဒ်များနှင့် သဘောတူညီချက်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

(သတင်းစဉ်)