Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၂၇

လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က လတ်တလောဖြစ်ပေါ်လျက်ရှိသည့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်တို့ကြောင့် လမ်း/တံတား ပျက်စီးဆုံးရှုံးမှုများကို အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့ရမှုများ၊ ဆောင်ရွက်ဆဲ/ ဆောင်ရွက်ပြီး အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် သက်ဆိုင်သည့် ကိစ္စရပ် များကို ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း။

လမ်းဦးစီးဌာနတွင် ပြုစုထားရှိသော ထူးခြားဖြစ်စဉ် အချက်အလက်များအရ မတ် ၁၆ ရက်မှ ဇူလိုင် ၂၆ ရက်အထိ အကြမ်းဖက်  ဖျက်ဆီးမှုများကြောင့်  ဌာနပိုင်  လမ်း၊  တံတား၊  အဆောက်အဦ များ ပျက်စီးမှု ဖြစ်စဉ်(၄၅)ခု၊ အကြမ်းဖက်ဖြစ်စဉ်များနှင့် မသင်္ကာဖွယ်ရာဖြစ်စဉ် (၃၅)ခု၊ သဘာဝဘေးအန္တရာယ် မိုးဒဏ် ကြောင့် လမ်း/တံတား ပျက်စီးမှုဖြစ်စဉ် (၅၆)ခု၊ တန်ပိုယာဉ်များ ဖြတ်သန်းမှုကြောင့် ပျက်စီးမှု ဖြစ်စဉ် (၇)ခု စုစုပေါင်း (၁၄၃)ခုကို စိစစ်တွေ့ရှိရပါကြောင်း။

အလားတူ ဇူလိုင် ၁၄ ရက်မှ ၂၆ရက်အထိ ထူးခြားဖြစ်စဉ် (၃၃)ခု ရှိသည့် အနက် (၃၁)ခုမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်သည့် သဘာဝဘေး အန္တရာယ်ကြောင့် လမ်း/တံတားပျက်စီးဆုံးရှုံးမှု ဖြစ်စဉ်များဖြစ်သည့်အတွက် ဇူလိုင်လမှစ၍ မြန်မာ နိုင်ငံတစ်ဝန်း နှစ်စဉ် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့နေရပြီဖြစ်ပါကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင်လည်း ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ကို ဆက်လက် ကြုံတွေ့ လာနိုင်သည့်အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဂရုတစိုက် ဆောင်ရွက်သွားရန်လိုပါကြောင်း။

မိမိတို့နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ များထံ တင်ပြလမ်းညွှန်မှုခံယူ၍ လိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေး ဆိုင်ရာပစ္စည်းများ၊အောက်ဆီဂျင်အရည်သယ်ဆောင်သည့် ကားများလိုရာခရီးအမြန် သွားရောက် နိုင်ရေးအစီအမံများ၊ အရန်လမ်းများ ကြိုတင်ညှိနှိုင်း စီစဉ်ထားရှိဆောင်ရွက်သွားရန် မှာကြား လိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီး လမ်း၊ တံတား ပျက်စီးဆုံးရှုံးမှု၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများ၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက်လမ်းဦးစီးဌာနနှင့်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များ၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များ၊ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သုံးသပ် ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့်အညီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနည်းလမ်းများကို အသုံးပြု၍ ကြိုတင်ပြင်ဆင်မှုများကို အပြည့်အဝ ဆောင်ရွက်ထားရှိကြရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)