Skip to main content

ပြည်သာယာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

လှိုင်းဘွဲ ဖေဖော်ဝါရီ  ၁၅

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) ကြာအင်း ကျေးရွာအုပ်စု ဝိုင်းတော်ကျေးရွာ ပြည်သာယာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:ဝဝ)နာရီ က အဆိုပါ ကွန်ကရစ်လမ်းပေါ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး ဝိုင်းတော် ကျောင်းဆရာတော် ဦးကုဏ္ဍလမှ ဩဝါဒစကားမိန့်ကြားခဲ့သည်။ ဆက်လက်ပြီး ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ် အလံ ပေးအပ်ခဲ့သည်။ ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦး၊ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ဝိုင်းထော်ကျောင်းဆရာတော် ဦးကုဏ္ဍလတို့မှ ဖဲကြိုးဖြတ် ဖွင့်လစ် ပေးခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းသည် (အရှည် ၁၃၂၀' x အကျယ် ၁၄'x အမြင့် ၆" (အရှည် ၅၇၀' x အကျယ် ၁၆ x အမြင့် ၆') ဖြစ်ပြီး ကြာအင်းကျေးရွာ၊ ဝိုင်းတော်ကျေးရွာ၊ ကွမ်းတောကျေးရွာ၊ ကွီးလေးကျေးရွာ၊ ကမားထကျေးရွာများမှ အိမ်ထောင်စု(၁၅၉၀)၊ လူဦးရေ (၉၁၁၃)ဦးတို့အတွက် အကျိုးပြုမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)