Skip to main content

တရုတ်နိုင်ငံဝူဟန်မြို့မှ ပြန်လာသည့်ကျောင်းသားကျောင်းသူ ၅၉ ဦး ကျန်းမာရေးကောင်းမွန်ဟုဆို

မန္တလေး  ဖေဖော်ဝါရီ ၁၅

ကိုဗစ် 19 (COVID - 19) ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှပြန်လာသော ကျောင်းသားကျောင်းသူ ၅၉ ဦးကျန်းမာရေးကောင်းမွန်ကြောင်းမန္တလေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ဝူဟန်မှ ရောက်ရှိလာသူ ကျောင်းသားကျောင်းသူ ၅၉ ဦးနင့်ကျန်းမာ ရေး၀န်ထမ်း ၃ ဦး ပေါင်း ၆၂ ဦးကို စခန်းသွင်းစောင့်ကြပ်ကြည့်ရှုခြင်း( Quarantine) ပြုလုပ်မှုမှာ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တွင် ပြန်ခွင့်ရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် ထုတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

“၆၂ ဦးလုံး ကျန်းမာရေးကောင်းမွန်ပါတယ်။WHO guideline အတိုင်း Quarantine ၁၄ ရက်လုပ်တာက ဖေဖေါ်ဝါရီ ၁၆ ရက်ဆိုရင် ပြည့်ပြီဖြစ်လို့ သူတို့ နေရပ်ကို ပြန်ကြတော့မှာ။ဒီကိစ္စကို SRT ကနေ ဆောင်ရွက် နေပါပြီ။ကိုယ့်အစီအစဉ်နဲ့ ပြန်မလား၊တချို့က မိဘ တွေ လာခေါ်မယ်။ပြန်မယ့်နေရာနဲ့ ဘယ်အချိန်ပြန်မလဲ စာရင်းကောက်ထားတယ်”ဟု မန္တလေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ပြောသည်။

ကျောင်းသားကျောင်းသူ ၅၉ ဦးမှာ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ထိ စောင့်ကြည့်စစ်ဆေးမှုများအရ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး နေရပ်အသီးသီးသို့ ပြန်ချိန်တွင် စောင့်ကြည်စစ်ဆေးမှု ပြုလုပ်ထားပြီးကြောင်း သိရသည်။

၎င်းတို့ နေရပ်အသီးသီးပြန်ချိန် တွင် Quarantine (စခန်းသွင်းစောင့်ကြပ်ကြည့်ရှုခြင်း)ပြုလုပ်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံသည့် စာအုပ်ကို မန္တလေးဆေးရုံကြီးမှ တာ၀န်ယူထုတ်ပေးမှာဖြစ်ကြောင်း၊မိမိ အစီအစဉ်ဖြင့် ပြန်မည့်သူများအတွက် ကားလက်မှတ်များကို တိုင်းအစိုးရက စီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကျောင်းသားကျောင်းသူ ၅၉ ဦးသည် တရုတ်နိင်ငံ ဝူဟန်မြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖေါ်ဝါရီ ၂ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်က ရောက်ရှိပြီး စောင့်ကြပ်ကြည့်ရှုရန် ပြင်ဆင်ထားသည့် ကန်တော်နဒီသို့ ဆေးရုံသို့ နံနက် ၅ နာရီခွဲခန့်တွင် ရောက်ရှိခဲ့ရာ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တွင် စောင့်ရှောက်မှု ၁၄ ရက်ပြည့်၍ နေရပ်အသီးသီးသို့ ပြန်ခွင့်ရရှိမည် ဖြစ်သည်။

မို့မို့

Ref: Myanmar Digital News