Skip to main content

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၅

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့က နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

ထမနဲထိုးပွဲသို့ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံရှိ (၁၂) လရာသီများ၌ တပို့တွဲလသည် အအေးဓာတ်အမြင့် ဆုံးကာလဖြစ်ပြီး အသားအရေဆီဓာတ် ခန်းခြောက်ချိန်ဖြစ်ကာ ဆီနိုင်သောအပူဓာတ်စာ ထမနဲကို စားသုံးရန် လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာထမနဲ |ထိုးပြိုင်ပွဲများကို နိုင်ငံအနှံ့အပြားတွင်  စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနသည်လည်း မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အညီ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ထမနဲတွင်ပါဝင်သည့် ကောက်ညှင်း၊ ဆီ၊ အုန်းသီး၊ နှမ်း၊ မြေပဲစသည့် အမယ်များဖြင့် လူများက စုပေါင်းဆောင်ရွက်မှသာ အရသာကောင်းမွန်သည့် ထမနဲ ရရှိနိုင်မည် ဖြစ်သလို မြန်မာနိုင်ငံတွင် နေထိုင်သည့် တိုင်းရင်းသားများ အားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် စုပေါင်းဆောင်ရွက်ပါက မိမိတို့ မျှော်မှန်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အတူ တက်ရောက်လာသူများက ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများ ၏ထမနဲများကို အကဲဖြတ်အဖွဲ့ဒိုင်များက စစ်ဆေးအမှတ်ပေးပြီး ဆုပေးပွဲအား ဆက်လက် ကျင်းပရာ ပထမဆု ရရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယဆု ရရှိသော ပြည်ထောင်စုဝန်ကြီးရုံးနှင့် တတိယဆုရရှိသော တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ ထမနဲထိုးအဖွဲ့ များအား ပြည်ထောင်စု ဝန်ကြီးက ဆုများ ချီးမြှင့်ပေးအပ်သည်။

ယခု ကျင်းပပြုလုပ်သည့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဝန်ထမ်းများ၏ ၂၀၂၀ ပြည့်နှစ် မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲ သည် တတိယအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်