မန္တလေး ဖေဖော်ဝါရီ ၁၅
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ နှစ်နိုင်ငံ ပူးပေါင်း၍ တိုက်ရိုက် ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလအတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန် ချုပ်ရုံးတွင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ၊ operator ကုမ္ပဏီများ တက်ရောက်၍ နားလည်မှုစာချွန်လွှာ(MoU)လက်မှတ် ရေးထိုးခဲ့ကြပြီး အဆိုပါ MoU အချက်ပါ ဆွေးနွေးမှုအရ သုံးလအတွင်း လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သော်လည်း လုပ်ငန်း ဆောလျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဧပြီလမှစတင်၍ စမ်းသပ်ပြေးဆွဲ သွားမည် ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora က ပြောသည်။
"အခုလို ဘတ်စ်ကားလိုင်း တိုက်ရိုက်ပြေးဆွဲခြင်းအားဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေမှာရှိတဲ့ ပြည်သူတွေနဲ့ စစ်ကိုင်း၊ မန္တလေးမှာရှိတဲ့ ပြည်သူတွေအချင်းချင်း နှစ်နိုင်ငံ သွားလာဆက်ဆံမှုကနေ ချစ်ခင်ရင်းနှီးမှုတွေ ပိုမိုရရှိဖို့ ရည်ရွယ်ပါတယ်။ ကလေး၀နဲ့ တမူးကြားမှာ ဒုတိယကမ္ဘာစစ် က တည်ဆောက်ခဲ့တဲ့ ဘေလီတံတား ၆၉ စင်းရှိပါတယ်။ ဒီတံတားတွေကို အိန္ဒိယ နိုင်ငံ ဘက်က တာဝန်ယူပြီး ပြင်ဆင်နေပါတယ်။ နှစ်နိုင်ငံ ဘတ်စ်ကား လိုင်းပူးပေါင်းကာ တိုက်ရိုက် ပြေးဆွဲနိုင်ဖို့ ၂၀၁၈ ခုနှစ်ကတည်းက ကြိုးစားဆောင်ရွက်ခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အမှန်တကယ် အကောင်အထည်ပေါ် လာပြီ” ဟု ၎င်းက ပြောသည်။
ပူးပေါင်းပြေးဆွဲပေးသွားမည်
အဆိုပါ နှစ်နိုင်ငံပူးပေါင်း ဘတ်စ် ကားလိုင်းပြေးဆွဲမှုတွင် မြန်မာနိုင်ငံ မှ ရွှေမန္တလာ Express ကုမ္ပဏီ ဖြင့် မန္တလေး-မုံရွာ -ဂန့်ဂေါ-ကလေး -တမူးအထိ လည်းကောင်း၊ အိန္ဒိယနိုင်ငံ 7 Sisters ကုမ္ပဏီက တမူး နယ်စပ်မှ အိန္ဒိယနိုင်ငံ အင်ဖာအထိ လည်းကောင်း ပူးပေါင်းပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကုမ္ပဏီက 7Sisters ကုမ္ပဏီနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံ ခရီးသွားမြှင့်တင်မှုတွေ ဆောင်ရွက် မှာပါ။ လောလောဆယ် တော့ ကျွန်တော်တို့ဘက်က တမူးနယ်စပ် ဂိတ်အထိကိုပဲ ပြေးဆွဲပေးနိုင်ပြီး နောက်ပိုင်းမှာ အင်ဖာမြို့အထိ တိုက်ရိုက်ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်သွားမယ်။ အိန္ဒိယကုမ္ပဏီဘက်ကလည်း 7 Sisters ဆိုတဲ့အတိုင်း ပြည်နယ်ခုနစ်ခုနဲ့ ချိတ်ဆက်ထားတာ ဖြစ်လို့ လည်ပတ်စရာနေရာတွေ သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ရွှေမန္တလာ Express ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဦးက ပြောသည်။
ခရီးသွားဝင်ရောက်ဖို့ အဓိကထား
ထို့အပြင် အိန္ဒိယနိုင်ငံ 7 sisters ကုမ္ပဏီမှ Managing Partner H. Radhakrishna Sharma ကလည်း “မြန်မာနိုင်ငံက လက်ရှိမှာ ပွင့်လင်းလာတဲ့ နိုင်ငံဖြစ်တဲ့အတွက် လည်ပတ်စရာတွေ အများကြီးရှိတယ်။ အခုလို ပူးပေါင်းတိုက်ရိုက်ပြေးဆွဲမှုမှာ မြန်မာ နိုင်ငံဘက်ကို ခရီးသွားတွေ ပိုမို ၀င်ရောက်ဖို့ အဓိကထားပြီး အိန္ဒိယ နိုင်ငံဘက်ကို ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်နဲ့ ဆေးဝါးကုသမှုတွေ အတွက် အဓိကမျှော်မှန်းထားပါတယ်” ဟု ပြောသည်။
စမ်းသပ်ပြေးဆွဲသွားမည်
မန္တလေး-အင်ဖာ ပူးပေါင်းဘတ်စ် ကားလိုင်းဖြင့် မန္တလေးမှတမူးအထိ ၁၁ နာရီကြာမြင့်မည်ဖြစ်ပြီး တမူးမှ အင်ဖာမြို့သို့ သုံးနာရီ ကြာမြင့်မည် ဖြစ်ကာ အဆိုပါဘတ်စ်ကားလိုင်းပြေး ဆွဲမှုကို မန္တလေးမြို့မှ ဧပြီ ၇ ရက်နေ့ တွင် လည်းကောင်း၊ အင်ဖာမြို့မှ ဧပြီ ၈ ရက်နေ့တွင်လည်းကောင်း စတင် စမ်းသပ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)