Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၃/၂၀၂၁)သို့ တက်ရောက်အမှာစကား ပြောကြား

 

နေပြည်တော် ဩဂုတ်  ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၃/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခု အခါ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိသော်လည်း မျက်ခြည်မပြတ်ဆောင်ရွက် နေသလို နိုင်ငံလုံခြုံ ရေးနှင့် နိုင်ငံရေးအခြေအနေအားလုံးအား စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း၊ အချို့သောအကြမ်းဖက် တိုက်ခိုက်မှုများမှအပ တည်ငြိမ်မှုရှိလာပြီဖြစ်ကြောင်း၊ အဆိုပါအကြမ်းဖက် မှုများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက် မှုကြောင့် ယခုဩဂုတ်လမှစ၍ မရှိသလောက်ဖြစ်လာပြီ ဖြစ်ကြောင်း။

လုပ်ငန်းတာဝန်ခွဲဝေမှုနှင့် စီမံခန့်ခွဲမှုရေးတို့နှင့်ပတ်သက်၍ ရပ်ကျေးအဖွဲ့များ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးနှင့် ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ အဆင့်ဆင့်ရှိကြောင်း၊ တပ်မတော်တွင်လည်း အလားတူပင် အဆင့်ဆင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများစီမံခန့်ခွဲမှု ဆောင်ရွက်ရာတွင် အဆင့်များကို ကျော်လွန်၍ တိုက်ရိုက်စီမံဆောင်ရွက်ခြင်းကြောင့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်း ဆောင်ရည်များ ကျဆင်းလာနိုင်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အဆင့်ဆင့် တာဝန်ယူဆောင်ရွက် ကြရန်လိုကြောင်း၊ လိုအပ်ချက် တင်ပြဆောင်ရွက် နိုင်သလို စီမံခန့်ခွဲနိုင်ခွင့်ပေးထားကြောင်း၊ စီမံခန့်ခွဲရေးနယ်ပယ် တွင် မိမိသဘောဆန္ဒဖြင့် မူဝါဒနှင့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ကျော်လွန် ဆောင်ရွက်၍ မရသကဲ့သို့ ခွင့်ပြု၍ လည်းမရကြောင်း၊ လုပ်ပိုင်ခွင့်အရဆောင်ရွက်သည့် ကိစ္စရပ်များကို ခွင့်ပြုပေးထားကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့်ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ်(၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား အောင်မြင်အောင် ဆောင်ရွက်ရန်လိုပြီး ယင်းသည်နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ၏ အခြေခံမူဖြစ်ကြောင်း၊ နိုင်ငံ၏ပကတိအခြေအနေနှင့် ကိုက်ညီ သည့် ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များအား ချမှတ်ထားခြင်းဖြစ်သဖြင့် ခိုင်ခိုင်မာမာဖြင့် ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေးသည် မိမိတို့၏ အဓိကရည် မှန်းချက်ဖြစ်ပြီး အခိုင်အမာ အာမခံချက်ပေးထား ကြောင်း။

ကိုဗစ်-၁၉ နှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၌ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ထိခိုက်မှု နည်းပါးခဲ့သော်လည်း တတိယ လှိုင်းတွင် ဖြစ်ပွားမှုနှုန်းမြင့်တက်လာကြောင်း၊ ရောဂါကူးစက်မှုသည် ပြည်သူများ၏ သွားလာ မှုနှင့် စည်းကမ်းလိုက်နာ မှုအပေါ်တွင် မူတည်သဖြင့် စာသင်ကျောင်းများ ယာယီပိတ်ခြင်း၊ သွားလာမှုကန့် သတ်ခြင်းများအား တင်းကြပ်ဆောင် ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း ကူးစက်မှုနှုန်း မြင့်မားပြီး သေဆုံးမှုနှုန်းများမြင့် တက်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ကူးစက်မှုနှုန်း လျှော့ချနိုင်ရန်အတွက် ရုံးပိတ်ရက်များသတ်မှတ်ပေးခဲ့ကြောင်း၊ တတိယလှိုင်း စတင်ဖြစ်ပွားသည့် ဇူလိုင်လဆန်းတွင် ကူးစက်မှုနှုန်းများမြန်ဆန်ခဲ့ပြီး သေဆုံးမှုများလည်း မြင့်တက် မှုများရှိခဲ့ကြောင်း၊ အသွားအလာများကန့်သတ်ခြင်းနှင့် စည်းကမ်း ထိန်းချုပ်ခြင်း များဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ကူးစက်မှုနှင့်သေဆုံးမှုများ တဖြည်းဖြည်း လျော့ကျလာကြောင်း၊ ထိုကဲ့သို့ကျဆင်းလာခြင်းမှာ ပြည်သူ လူထု၏ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ခြင်းကြောင့်ဖြစ်ကြောင်း၊ အလားတူ လိုအပ်ချက်များ ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ကုသဆေးများ၊ အောက်ဆီဂျင်ရရှိရေးကိစ္စရပ်များအား ဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ် တစ်ဦးမှအစ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုကြောင့် ကုသမှုအပိုင်းတွင် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ပတ်သက်၍လည်း အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းက သာမက တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် အခြားနိုင်ငံများမှလည်းဝယ်ယူ၍ ပြည်သူများအား ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဆက်လက်ရရှိရေးကြိုး ပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးများရရှိအောင် ဆောင်ရွက်ပေးသည့် နိုင်ငံများနှင့် လူပုဂ္ဂိုလ်များ အားလည်း ကျေးဇူးတင်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ကာလတစ်ခုအထိ ဆက်လက် ဖြစ်ပွားနေနိုင်သဖြင့် အမြဲမ ပြတ်သတိထား ဆောင်ရွက်နေရန်လိုကြောင်း၊ လူတစ်ဦးချင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့် လှုပ်ရှားသွားလာမှု များရှိရန် လိုအပ်သည်ဟု ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများက အသိပေးထုတ်ပြန်ထားကြောင်း၊ အောက်ဆီဂျင် ရှိရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ အောက်ဆီဂျင်ထုတ်လုပ်၍ ရနိုင်သည့် စက်ရုံများအားလုံးမှ အမြဲမပြတ်ထုတ်လုပ်၍ ပြည်သူများလိုအပ်သည့်အချိန် တွင် အချိန်မီရရှိရေး ဆောင်ရွက်နေရန်လိုကြောင်း၊ အလားတူ ကာကွယ်ဆေးနှင့် ပတ်သက်၍ ပြည်သူများစဉ်ဆက်မပြတ် ထိုးနှံနိုင်ရေးဆောင်ရွက်နေရန်လိုပြီး ကုသဆေး များလည်း အမြဲမပြတ်ရရှိရေး ပြည်ပမှတင်သွင်းနေရန် လိုအပ်သကဲ့သို့ ပြည်တွင်း၌လည်း လုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ ၊ ထိန်းချုပ်ရေးအတွက် တွေ့ဆုံ၊ ဆွေးနွေးမှု များအမြဲမပြတ်ပြုလုပ်၍ စဉ်ဆက်မပြတ် စီမံဆောင်ရွက်ပေးလျက်ရှိပြီး အဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်း၊ Quarantine Center များကိုလည်း တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးရုံ များတွင်လည်း ပြင်ဆင်မှုများ အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း။

ယခုကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေကြသည့် မိမိတို့နိုင်ငံသား များအား ဖြစ်နိုင်သမျှပြန်လည်ခေါ်ယူရန်လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသူများကိုလည်း ပြန်လည်ခေါ်ယူခဲ့ရာ ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၆ ရက်အထိ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်များမှ ပြန်လည်ဝင်ရောက်လာသူ ၆၂၀၉ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး ယင်းတို့အနက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ထားရသူများကိုလည်း ဆေးရုံများတွင် ကုသပေးထားကြောင်း၊ အလားတူ အခြားနိုင်ငံများသို့ ရောက်ရှိနေသူများ အား ပြန်လည်ခေါ်ယူနိုင်ရေးအတွက်လည်း Relief Flight များ ပြေးဆွဲခွင့်များခွင့်ပြု ပေးထားကြောင်း၊ အနီးစပ်ဆုံးနိုင်ငံများမှ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဦးတည်ချက်များတွင်လည်း ထည့်သွင်းထား ကြောင်း၊ EAO များနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပေါ်တွင်အခြေခံ၍ ငြိမ်းချမ်း ရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏  အရေးပေါ်အခြေအနေ ကြေညာပြီးတာဝန် ပေးရာတွင် တပ်မတော်ကိုတာ ဝန်ပေးအပ်ခံရ ခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် EAO များက အဆိုပြုသည့် ကိစ္စရပ်များကို အခြေခံ၍ ညှိနှိုင်းဆောင်ရွက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ရပ်တည်၍ ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်တွင် ဆက်လက်လျှောက်လှမ်း မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေငြာထားသည့်အဖွဲ့ အစည်းများမှအပ မည်သည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြင့်မဆို တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံငြိမ်းချမ်းရေးရမှ တည်ငြိမ်အေးချမ်းမှုဖြစ်ပေါ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် တည်ငြိမ်စွာဖြင့် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် များရှိသည့် ဒေသများအတွက်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေး အမှန်တကယ်လိုချင်ပါက ငြိမ်းချမ်းရေးကို အခြေခံသည့် အပြုအမူ၊ အပြောဆို၊ အလုပ်အကိုင်များ ရှိရန်လိုကြောင်း၊ NCA တွင်လက်မှတ်ရေးထိုး ထားခြင်း မရှိသည့်အဖွဲ့များအနေဖြင့်လည်း NCA ပါအချက်များအား ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးအပေါ်တွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒီမိုကရေစီအပေါ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ လက်မှတ်ထိုးခြင်း မထိုးခြင်းထက် ပူးပေါင်းဆောင်ရွက်မှု လိုက်နာဆောင်ရွက်မှု အပြည့်ရှိရန်လိုကြောင်း၊ ဆက်လက်၍ တရားဝင်လက် မှတ်ရေးထိုးပြီး ဒီမိုကရေစီစနစ် မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဆောင်ရွက် ရေးသည်အရေး ကြီးကြောင်း၊ မိမိတို့နိုင်ငံအတွင်း ဒီမိုကရေစီသည် တပြေးညီဖြစ်ရန် လိုကြောင်း၊ မတူညီမှုများရှိပါက နိုင်ငံရေးအရ ငြိမ်းချမ်းရေး၊ လုံခြုံရေးအရ ငြိမ်းချမ်းရေးများ ရရှိမည်မဟုတ်သဖြင့် တူညီမှုများရှိအောင် ကြိုးစားဆောင်ရွက်ရန် လို ကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးကွာဟမှုများ၊ ကျေးလက်၊ မြို့ပြကွာဟမှုများကို တတ်နိုင်သမျှလျှော့ ချနိုင်ရန်လိုကြောင်း၊ ငြိမ်းချမ်းရေးတွင် ပါးစပ်ကပြောနေ၍မရဘဲ လက်တွေ့လိုက်ပါ လုပ်ဆောင်ရန်နှင့် ကတိကဝတ် များ တည်ရန်လိုကြောင်း၊ ကိုယ်တိုင်လည်း ကြိုးစားအားထုတ်ရန်လိုကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွာရေးအရထိခိုက်မှုများရှိသဖြင့် ရှေ့လုပ်ငန်းစဉ်တွင် ကိုဗစ်-၁၉ ကပ်ရော ဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်ဟု ထည့်သွင်းထားကြောင်း၊ စားရေးသည်အရေးကြီးသဖြင့် မဖြစ်မနေဆောင်ရွက် ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံတွင်း စားရေရိက္ခာပေါများရန်၊ ပြည်သူများဝင်ငွေရှိနေရန်လိုကြောင်း၊ ဝင်ငွေရှိမှသာ စားရေး၊ ဝတ်ရေး၊ နေရေးများကိုဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် မှန်မှန်ကန်ကန်ဖြင့်ဆောင်ရွက်ခြင်းမရှိဘဲ မသမာသည့် နည်းဖြင့် ဆောင်ရွက်မှုများသည် ဥပဒေအားချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်၏သယံဇာတပစ္စည်းများ အားခိုးထုတ်ရောင်းချခြင်း၊ ကျွဲနွားမှောင်ခိုများဆောင်ရွက်ခြင်းနှင့် ပြည်ပမှမှောင်ခို ပစ္စည်း များတင်သွင်းခြင်းသည် နိုင်ငံအတွက်နစ် နာမှုပင်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေး တိုးတက်ရေးအတွက် သမာအာဇီဝနည်းဖြစ်သည့် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုအားပေးခြင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကိုအားပေးခြင်းများ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ အချိန်နှင့်တပြေးညီ တင်ပို့ရောင်းချနိုင်ရန်အတွက် ဈေးကွက် လိုအပ်ချက်ရှိ သည့်ပစ္စည်း၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းဖြစ်ရန်လိုကြောင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ပြန်လည်လည် ပတ်နိုင်ရေးအတွက် လိုအပ်သည်များ နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ဘဏ်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီလအတွင်း အခက်အခဲများ မရှိခဲ့သော်လည်း နောက်ပိုင်းတွင် ငွေကြေးများ ထုတ်ယူမှုများပြားပြီး ပြန်သွင်းမှုမရှိခဲ့ကြောင်း၊ နိုင်ငံစီးပွားရေးအတွက် ဘဏ်လုပ်ငန်း စနစ်ပြိုလဲမသွားအောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ အချို့နိုင်ငံများတွင် E banking စနစ်၊ ကတ်စနစ် ဖြင့်ဆောင်ရွက် လျက်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ငွေစက္ကူစနစ်ကို အဓိကထားဆောင် ရွက်နေကြကြောင်း၊ CDM ပြု လုပ်မှုများ ကြောင့် ဘဏ်ဝန်ထမ်းအခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင်လအတွင်း အထိုက်အလျောက် ပြန်လည် တည်ငြိမ် လာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေးထုတ် ယူမှုများအား ခွင့်ပြုပေးထားကြောင်း။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းများပြန်လည်စိစစ်ခဲ့မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် သေချာစွာစိစစ်ရန် အသစ်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ ကော်မရှင်အား တာဝန်ပေးအပ်ခဲ့ကြောင်း၊ ဇူလိုင် ၂၆ ရက်တွင် အပြီးသတ်ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်နယ်နှင့်တိုင်းအလိုက် လူဦးရေအရ၊ မဲစာရင်းအရ၊ မဲလက်မှတ်အရ ကွာခြားမှု များကို စိစစ်ခဲ့ကြောင်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ကြီးမားသည့် မဲစာရင်းအရမှားယွင်းမှု၊ မဲလက်မှတ် အရမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့်ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း၊ အထွေထွေရွေးကောက်ပွဲသည် သမ္မတရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ် များဖြစ်ပြီး သမ္မတက အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ တရားသူကြီးများစသည်ဖြင့် အတည်ပြုခန့် အပ်ရခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ကို ဆောင်ရွက်ရသူများဖြစ်သဖြင့် မဲစာရင်းမှားယွင်းမှုများဖြင့် ရွေးချယ်ခံရခြင်းသည် တရားမျှတမှုမရှိကြောင်း၊ မဲစာရင်းစိစစ်တွေ့ရှိမှုများအား ရှင်းလင်းပေးရန်အတွက် ပြောကြားခဲ့ သော်လည်း ရှင်းလင်းပေးမှုမရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်း မှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များကို ဖိတ်ခေါ်၍ အထောက်အထား များနှင့် တကွပြသသွားမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် မဲစာရင်းမှားယွင်းမှုများဖြစ်ပေါ်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တို့တွင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်တွင်ဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့ အနေဖြင့်ငြင်းပယ်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတော်အပေါ် ဆန့်ကျင့်ရေး လုပ်ငန်းများ ဆောင်ရွက်လာခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုပင် NCA လမ်းကြောင်းပေါ်မှ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများအား ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်မှ တစ်ဆင့်ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ယခင်အစိုးရမှ တာဝန်ရှိသူများအား နိုင်ငံရေးအရ အရေးယူဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေ ချိုးဖောက်သည့် ပြစ်မှုများကြောင့််သာ အရေးယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း။

အာဆီယံ ဆက်ဆံရေးနှင့်ပတ်သက်၍ ဧပြီ ၂၄ ရက်တွင် အာဆီယံထိပ်သီး အစည်းအဝေး၌ မိမိအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံသဘောတူညီချက် (၅)ရပ်ထုတ် ပြန်ခဲ့ကြောင်း၊ မိမိတို့အနေ ဖြင့် အာဆီယံ မူဘောင်အတွင်းမှသာ ဆောင်ရွက်မည်ဟုပြောကြားခဲ့ပြီး နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု အပေါ်တွင်မူ တည်၍ ဆောင်ရွက်သွားမည်ဟုပါဝင်ကြောင်း၊ အာဆီယံအထူးကိုယ်စား လှယ်ခန့်အပ်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟောင်းများ နှင့် ထိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းတို့အား အဆိုပြုခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ထိုင်းနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးအား အဆိုပြုခဲ့သော်လည်း အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းဘုရင်မှ ၎င်းတို့ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအား  အာဆီယံကိုယ်စားလှယ်အဖြစ် ကမ်းလှမ်းလာသည့်အတွက် မိမိအနေ ဖြင့် သဘောတူညီမှုပေးခဲ့ကြောင်း။

မိမိတို့အနေဖြင့် အာဆီယံ မူဘောင်အတွင်းမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတကာဆက် ဆံရေးလမ်းကြောင်းပေါ် တွင်မှန်မှန်ကန်ကန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ် တွဲရေးမူကြီး (၅)ရပ် အပေါ်တွင် အခြေခံပြီး လွတ်လပ်၍တတ်ကြွသောနိုင်ငံ ခြားရေးမူဝါဒ၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ရပ်တည်ချက်အား မည်သည့် အချိန်တွင်မှ ပြောင်းလဲမည်မဟုတ်ဘဲ မူဘောင်အတွင်းမှသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးမောင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုးတို့က အမျိုးသား လုံခြုံရေးအက်ဥပဒေ အမြန်ဆုံး ရေးဆွဲပြ ဋ္ဌာန်းရေး၊ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် သတင်းပေးသူများအား ထိုက်သင့်သည့် ဆုကြေးချီးမြှင့်ပေးရေး၊ စက်သုံးဆီတင် သွင်းရေးနှင့်ပတ်သက်၍  ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများခေါ် ယူဆောင်ရွက်ရေး၊ ပြည်တွင်း၌ စက်ရုံတည် ဆောက်ပြီး လောင်စာဆီထုတ်လုပ်နိုင်ရန်ဆောင်ရွက်ရေး၊ ခရီးသွားလုပ် ငန်းမြှင့်တင်ရေး၊ သဘာဝဓာတ်ငွေ့နှင့် ရေနံကဏ္ဍတွင် ကုမ္ပဏီများကို တင်ဒါခေါ်ယူ၍ လုပ်ကွက်သစ်များ ဖော်ဆောင် ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် အခြေခံလူတန်းစားများ ကြုံတွေ့နေရသည့် စားဝတ်နေရေး အခက်အ ခဲကို သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရေး၊ မြေယာသိမ်းဆည်းမှုများနှင့်စပ်လျဉ်း၍ တောင်သူများ၏ နစ်နာမှုကိုရှေးရှု၍ ဖြေရှင်း ဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် တိုင်းရင်းဆေးဝါး ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးကဏ္ဍအတွက် အရေးတကြီး လိုအပ်သည့်  အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံများ မြို့နယ်အလိုက် တည်ဆောက် ပေးရေး၊ လူငယ်များအား အခြေခံကြက်ခြေနီ သူနာပြုသင်တန်းပေးရေး၊ တိုက်ပွဲရှောင်ပြည်သူများ ကူညီထောက်ပံ့ရေး၊ ကျန်းမာရေးဝန်ထမ်း များဖြစ်သည့် ဆရာဝန်၊ ဆရာမများ၊ သူနာပြုများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဦးစားပေး၍ ကိုဗစ်-၁၉ ကာကွယ်ရေး ထိုးနှံပေးရေး၊ သဘာ၀ဘေးအန္တရာယ် ကြုံတွေ့နေရသည့် ပြည်သူများအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးရေး၊ ကယားပြည်နယ်အတွက်  လိုအပ်လျှက်ရှိသည့် ဆရာဝန်နှင့် သူနာပြုများ ခန့်အပ်ပေးရေး တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားလုံခြုံ ရေးအက်ဥပဒေ ရေးဆွဲနိုင်ရေးကို ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ ဖမ်းဆီးမိရေးနှင့် သတင်းပေးသူများ အား ထိုက်သင့်သည့် ဆုငွေချီးမြှင့်ရေးကို လုပ်ဆောင်ပေးသွား မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းမြှင့် တင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်လျက်ရှိကြောင်း။ လယ်ယာမြေ ပြဿနာ များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် တိုင်းရင်းဆေး ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာ သုတေသန ဌာနများက လုပ်ဆောင်လျက်ရှိကြောင်း၊ မြို့နယ်အလိုက် အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊  ယခုလအတွင်း ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်ပွားမှုကို ထက်ဝက် ကျဆင်းအောင် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊  ပြည်သူလူထုအနေဖြင့် ရောဂါကူးစက်မှုလျှော့ချ နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း။

ကယားပြည်နယ်အတွက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ တိုင်းပြည်ဝင်ငွေပေါ် မူတည်ပြီး ဆောင်ရွက်ရကြောင်း၊ လတ်တလောကာလတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များ အဆက်သွယ်မပြတ်စေရေး ပြည်သူများ ခရီးသွားနိုင်ရေးအတွက် မီးရထားနှင့် လေကြောင်းခရီးစဉ်အချို့ကို အရှုံးခံပြေးဆွဲပေးလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း မြန်မာတို့၏ ယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာများ ဖျက်ဆီးခံခဲ့ရကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းသည် အမျိုးသားယဉ်ကျေးမှုအပေါ် အခြေခံသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာ ရပ်တည် မှုတွင်  အားကစားကဏ္ဍသည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် အားကစားရုံများ၊ အားကစားကွင်းများနှင့် ရေကူးကန်များ တည်ဆောက်ပေး ရန်စီစဉ်လျက်ရှိကြောင်း။

ကျန်းမာရေးဝန်ထမ်းများနှင့် နေ့စဉ်ထိတွေ့နေရသည့် မိသားစုဝင်များကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သဘာ၀ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ချက်ချင်း တုန့်ပြန်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားပြီး သယ်ယူ ပို့ဆောင်ရေးအတွက်လည်း ပြင်ဆင်ဆောင် ရွက်ထားကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများ စိတ်ပိုင်းဆိုင်ရာ အားငယ်မှုမရှိအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကျေးလက်နှင့် မြို့ပြ၊ ဆင်းရဲ၊ ချမ်းသာကွာဟမှု လျှော့နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက် ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့သည် ယာယီ ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ပြီး အစိုးရ၏လုပ်ငန်းများကို အဆင်ပြေအောင် အကောင်အထည်ဖော် ဆောင်ရွက်နေရကြောင်း၊ ကဏ္ဍအသစ်များကို တိုးချဲ့ဆောင်ရွက်ရာတွင် အဖက်ဖက်က စဉ်းစား ဆောင်ရွက်ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲ မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများနှင့် အကြမ်းဖက် များကိုလည်း ဖြေရှင်းဆောင်ရွက်နေရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး တည်ငြိမ်အေး ချမ်းရေး ကိုလည်း အဓိကဦးစားပေးလုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်မှု ရရှိအောင် ဆောင်ရွက် နေကြောင်း၊ အိမ်စောင့်အစိုးရသည် တိုင်းပြည်ကို ခေတ္တ တာဝန်ယူထိန်းသိမ်းပေးသည့် အစိုးရဖြစ်ပြီး အရေးပေါ်ကာလ ကုန်ဆုံးသည့်အခါ ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက် ပွဲ ရလဒ်ဖြင့် ထွက်ပေါ်လာမည့် အစိုးရအား နိုင်ငံတာဝန်ကို အခြေခံဥပဒေနှင့်အညီ လွှဲပြောင်း ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

အိမ်စောင့်အစိုးရအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး အဓိကအားဖြင့်  စီးပွားရေး ကဏ္ဍအားအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ကောင်စီ ဝင်များအနေဖြင့် တစ်ဦးချင်းစီ၏ အတွေ့အကြုံ ပေါ်အခြေခံပြီး လုပ်ငန်းများကို စဉ်းစားဆောင်ရွက်ရာတွင် ပြည်ထောင်စုကို လွှမ်းခြုံစဉ်းစား၍ နိုင်ငံတော်၏ အကျိုးကို ဦးတည်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)