ကော့သောင်း ဖေဖော်ဝါရီ ၁၅
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူ ခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ် သမား အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၅၉ ဦးကို ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်းမြို့နယ် ကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) ပြန့်ပွားမှု မရှိစေရေးအတွက် တိုင်းတာစစ်ဆေးပြီး ပြန်လည်လက်ခံခဲ့သည်။
အဆိုပါအလုပ်သမား များအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က တာဝန်ရှိသူများက ကြိုဆို လက်ခံကြကာ ပြည်သူ့ကျန်းမာရေးဌာနမှ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင် ရောဂါ) သံသယရှိသူများ ပါဝင်လာခြင်းရှိ၊ မရှိ စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း များ တစ်ဦးချင်းစီသို့ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ် ဒေသများသို့ လုံခြုံချောမွေ့စွာပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ယင်းသို့ လာရောက်လွှဲပြောင်းပေး အပ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများတွင် ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ)ကူးစက်ခံရသည့် သံသယရှိသူများ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)