နေပြည်တော် ဖေဖော်ဝါရီ ၁၅
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးစိုးအောင်ကယနေ့ဆွေးနွေးပွဲသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အတွက် ယခုကဲ့သို့ လာရောက် ဆွေးနွေးဟောပြောပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကိုသိရှိပြီး တိကျစွာလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ရုံးတက် ရုံးဆင်းချိန်များတွင် အမြန်ရောက်လို ဇောဖြင့် လမ်းပြောင်းပြန်မောင်းခြင်း၊ကျော်တက်ခြင်းများအား မပြုလုပ်ကြ ရန်လိုကြောင်း၊ ဖယ်ရီယာဉ်များ ရုံးသို့ အချိန်မီရောက်ရှိအောင် ယာဉ်စထွက်သည့်နေရာမှ ကြိုတင်ထွက်သင့်ကြောင်း အမြန်လို၍ မောင်းနှင်ပါက အန္တရာယ်ရှိ ကြောင်း၊ ယာဉ်မောင်း၏ လက်ထဲတွင် ဝန်ထမ်းများ၏ အသက် များကို အပ်နှင်းထားရသဖြင့် စည်းကမ်းတကျ မောင်းနှင်ရန် လိုအပ်ကြောင်း ဝန်ကြီးရုံးနှင့် ဦးစီး ဌာနများမှ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်များရှိခဲ့ပြီး နောင် မဖြစ်ပွားစေရေး အထူးဂရုစိုက်ဆောင်ရွက်ကြစေလိုကြောင်း၊ ယခု ဟောပြောပွဲပြီးနောက်ပိုင်းတွင် ဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပိုမိုသိရှိ ထားပြီးဖြစ်သည့်အတွက်အထူးဂရုပြု လိုက်နာဆောင်ရွက်သွားရန် မှာကြား လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ အမှတ်(၁) ယာဉ်ထိန်းတပ်ဖွဲ့ခွဲ နေပြည်တော်မှ ဒုရဲအုပ် ဌေးလွင်(ခ) နေမျိုးသူရ က ရှင်းလင်းဟောပြောရာ မော်တော် ဆိုင်ကယ်၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှု အခြေအနေများ၊ ယာဉ်မောင်းလိုင်စင် အမျိုးအစား ၁၁ မျိုး နှင့် ပတ်သက်၍ သိရှိရမည့် အချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွား ရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်သတ်မှတ်ချက်များ၊ ယာဉ်အမျိုးအစားအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားဆောင်ရွက်ရန် သတ်မှတ်ချက်များကို ဆွေးနွေးပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေးအတွက် ဗီဒီယို မှတ်တမ်းများနှင့်တကွ ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက်တက်ရောက်လာသည့် ဝန်ထမ်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မေးခွန်း များအား ပြန်လည်မေးမြန်း ဆွေးနွေးပြီး ဆိုင်ကယ်ဦးထုပ်နှင့် အသိပညာပေး အိပ်ဆောင်စာအုပ်များ ပေးဝေခဲ့ကြောင်း သိရသည်။
သတင်းစဉ်