Skip to main content

မုံရွာ ဖေဖော်ဝါရီ ၁၆ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ

မုံရွာ   ဖေဖော်ဝါရီ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး၊ ဥပဒေချုပ်၊ စားရင်းစစ်ချုပ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများကို ယမန်နေ့ နံနက်  ၉ နာရီက ကသာမြို့နယ် ရပ်ကွက်(၅)ရှိ မြို့တော်ခန်းမ၌ လည်းကောင်း၊ နေ့လယ် ၂ နာရီက ထီးချိုင့်မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ ရွှေပြည်သာ ခန်းမ၌ လည်းကောင်း ကျင်းပခဲ့သည်။

တွေ့ဆုံပွဲများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများက မိမိတို့ တိုင်းဒေသကြီး ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍  မိတ်ဆက်စကားများ အသီးသီး ပြောကြားခဲ့သည်။

ယင်းနောက် ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်အတွင်းရှိ တက်ရောက်လာကြသော ဒေသခံ ပြည်သူများက မိမိတို့ဒေသတွင် လိုအပ်သည့် လမ်း၊ တံတား၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီး၊  စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍမျိုးစုံ စသည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စည်ပင် သာယာရေးကိစ္စ၊    သိမ်းဆည်း မြေများ ပြန်လည်ရရှိရေး၊ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိရေး၊ တရားစီရင်ရေးကိစ္စ၊ ဥပဒေရေးရာကိစ္စ စသည်တို့နှင့်စပ်လျဥ်း၍ အသီးသီးဆွေးနွေး မေးမြန်းခဲ့မှုအပေါ် သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ထိုကဲ့သို့ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့အတွက် ကဏ္ဍများအလိုက် အသီးသီး ပြန်လည် ဖြေကြားမှုများ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ တာဝန်ယူဆောင်ရွက်ခဲ့သော လေးနှစ်တကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လက်ရှိနှင့် လာမည့်နှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ထပ်မံဖြည့်စွက် ရှင်းလင်းပြောကြားပေးခဲ့ပြီး  မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းချသူ၊ သယ်ဆောင် ဖြန့်ဖြူးသူများအား  ပြည်သူများမှသတင်းပေးပူးပေါင်းပါဝင်မှုဖြင့် ထိရောက်စွာ ဖမ်းဆီး အရေးယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်က ပြောကြားခဲ့ကာ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့အတွက် အားကစားပစ္စည်းမျိုးစုံကို တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)