Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ပိုင်ကျုံမြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၁၆

ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက ပိုင်ကျုံမြို့၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အရှည် ၁၁၈၀ ပေရှိ ပိုင်ကျုံတံတား ဘေလီသံဘောင် အဆင့်မြှင့်တင်ခြင်းနှင့် သစ်သားကြမ်းခင်းအစား သံပြားကြမ်းခင်း လဲလှယ်ခြင်း တို့ကို ကြည့်ရှု့စစ်ဆေးပြီး ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍  ၎င်းတို့တင်ပြသည့် လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ မြို့တွင်းလမ်း မီးလင်းရေးနှင့် ရပ်ကွက်ချင်းဆက်လမ်း အဆင့်မြှင့်တင်ပေးနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မသာသနာပြု ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဓမ္မသီရိအား ဖူးမျှော်ကြည်ညို၍ ပရဟိတကျောင်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်၊ ဆန်ဘိုးထောက်ပံ့ငွေ တစ်အိတ်လျှင် ၃၀၀၀၀ နှုန်းဖြင့် ဆန်(၄၇)အိတ်အတွက် ငွေကျပ် ၁၄၁၀၀၀၀ိ/- (တစ်ဆယ့်လေးသိန်းတစ်သောင်းကျပ်)ကို ဆက်ကပ်လှူဒါန်းခဲ့ကာ အဆိုပါ ပရဟိတကျောင်းတွင် ပဥ္စမတန်းမှ နဝမတန်း ထိ ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူ(၆၀)ဦးတို့အား အားပေးစကားများပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် အထက်ပိုင်ကျုံကျောင်းကြီး သဒ္ဓမ္မပါလရတနာမာန်အောင် သိမ်တော်ကြီး၌ တိုက်အုပ်ဆရာတော်ဘဒ္ဒန္တဦးညေရအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပိုင်ကျုံမြို့ရှိ ရပ်ကွက်(၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၇ အုပ်စုရှိ အုပ်ချုပ်ရေးမှူး၊ စာရေး ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား၍ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များအား ဆွေးနွေးတင်ပြကြရန်ပြောကြားရာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက်လမ်း၊ မိုးနိုင်းကြီးချောင်းကူးတံတား၊ ရေဘေးရှောင် အဆောက်အဦ၊ ပညာရေးဝန်ထမ်းနေအိမ်၊ ကျောင်းဆောင်သစ် အစရှိသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)