Skip to main content

နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်း အမှတ်ပွဲကျင်းပ

မြိုင်  ဖေဖော်ဝါရီ  ၁၆

 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံတော်ဓာတ်အားစနစ်မှ  လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၊ နံ့သာမြိုင် ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်းကြီး ဦးမြင့်ဇော်၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားများဖြစ်ကြသည့် ဦးဝင်းဌေးနှင့် ဦးသက်နိုင်တို့က နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြိုင်မြို့၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူဘင်ခရာအဖွဲ့က ဂုဏ်ပြုဖျော်ဖြေကြသည်။

ဆက်လက်၍ အခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအား လျှပ်စစ်မီးလင်းမှုရရှိနိုင်ရန်ရေး ဆောင်ရွက်ချက်များအကြောင်း၊ ဆက်လက်ဆောင်ရွက် မည့်လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက " ဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်နေလျက်ရှိရာ ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ရာခိုင်နှုန်းကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၂၁-ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး (၁၀၀)ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် အမျိုးသားလျှပ်စစ်နှင့်စွမ်းအင်မူဝါဒနှင့်အညီ လျှပ်စစ်ကဏ္ဍတွင် ရေအားစွမ်းအင်၊ အပူစွမ်းအင်၊ နေရောင်ခြည်စွမ်းအင် ကဲ့သို့သော စွမ်းအင်အရင်း အမြစ်မျိုးစုံကို အသုံးပြု၍ ရေတို/ရေရှည်စီမံချက်များ ချမှတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများ ရှိသကဲ့သို့ ဓာတ်အားစနစ်နှင့် ဝေးကွာသောဒေသများသို့လည်း လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် JICA, ADB, World Bank များထံမှ အတိုးနှုန်း သက်သာသော နှစ်ရှည်ချေးငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ မြိုင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၃၀)အုပ်စု၊ ကျေးရွာပေါင်း(၆၁)ရွာ၊ အိမ်ထောင်စုပေါင်း(၁၂၄၀၄)စုအတွက် လျှပ်စစ်မီးအလင်းရရှိစေရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေအဖြစ် ကျပ်သန်းပေါင်း (၁၂.၉၄၅)၊ ဒေသခံ ပြည်သူများ၏ စုပေါင်းထည့်ဝငွေအဖြစ် ကျပ်သန်းပေါင်း(၃၈.၆၆၄)နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP)၏ ပထမအဆင့်အရ လုပ်ဆောင်ရမည့်အချို့လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း ကြောင့် ယခုလိုဖွင့်ပွဲအခမ်းအနားကြီး ဖြစ်လာကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မကွေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း (၁၆၁)ရွာ လျှပ်စစ်မီးအလင်းရရှိစေရန်အတွက် ကျပ် (၁၇.၄၇၈)ဘီလီယံခန့် ကျခံသုံးစွဲ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) ဖြင့် ပထမအဆင့်တွင် ကျေးရွာပေါင်း (၆၆၄)ရွာ၊ ဒုတိယအဆင့်တွင် ကျေးရွာပေါင်း (၃၈၆)ရွာတို့ကို လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းများပြီးစီးပါက မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားရရှိမှုမှာ လက်ရှိ (၃၅.၉၄)ရာခိုင်နှုန်းမှ (၅၅.၂၆)ရာခိုင်နှုန်းခန့်အထိ တိုးတက် သုံးစွဲနိုင်မည်ဖြစ်ကြောင်းတို့ဖြင့် ပြောကြားသည်။ ဆက်လက်၍ မြိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က မြိုင်မြို့နယ်အတွင်း လျှပ်စစ်မီးရရှိရေး ဒေသခံပြည်သူများ အပါအဝင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ ကျန်ရှိသည့် ကျေးရွာများတွင် လျှပ်စစ်မီးအလင်းရရှိရေး ဆက်လက်ဆောင်ရွက်မည့် အကြောင်းများနှင့် ကျေးဇူးတင်စကားတို့ကို ပြောကြားသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်မီးလင်းရေးရှိသည့် ခရိုင်/မြို့နယ်များအလိုက် စာရင်းများ၊ လျှပ်စစ်နှင့်စွမ်းအင်ပစ္စည်းနှင့်ပတ်သက်သည့် ပြခန်းများကို လိုက်လံကြည့်ရှု ကြသည်။

ဆလိုင်းကိုကီး