Skip to main content

အကျွတ်အလွတ်သိဒ္ဓိရှင်မြတ်စွာဘုရား ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချ အလှူတော်မင်္ဂလာပွဲသို့ ပဲခူးတိုင်းဝန်ကြီးချုပ် တက်ရောက်

ပဲခူး  ဖေဖော်ဝါရီ  ၁၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာရှိ ဒိုးတန်းသာသနာ့နယ်မြေ ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် အကျွတ်အလွတ် သိဒ္ဓိရှင်မြတ်စွာ ဘုရားရုပ်ပွားတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကုသိုလ်ယူခဲ့ကြသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက အကျွတ်အလွတ်သိဒ္ဓိရှင်မြတ်စွဘုရား ရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြပြီး ရေစက်ချအလှူ မင်္ဂလာပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ 

ထို့နောက် ၀န်ကြီးချုပ်အမှုးပြုသော ဧည့်ပရိတ်သတ်များက ရွှေလင်းယုန်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တအရဝိန္ဒာဘိဝံသမဟာထေရ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်ဇနီးဒေါ်စန်းစန်းမော်မိသားစုတို့မှ အလှူငွေကျပ် (၁၀)သိန်း လှူဒါန်းခြင်းပြုလုပ်ကာ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်ချုပ် သံလျင်မြို့၊ မင်းကျောင်းပရိယတ္တိ စာသင်တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာမဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ကြကြောင်းသိရသည်။

အဆိုပါအကျွတ်အလွတ်သိဒ္ဓိရှင်မြတ်စွာဘုရားရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့်(၂၅)ပေရှိပြီး ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာ ရန်ကုန်-နေပြည်တော် အမြန်လမ်း(၃၈)မိုင်(၁)ဖာလုံ ဒိုးတန်းသာသနာ့နယ်မြေကုန်းတော်ပေါ်တွင် ရွှေလင်းယုန် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တအရဝိန္ဒာဘိဝံသမဟာထေရ်၏ဩဝါဒကိုခံယူပြီး နှစ်ဖက်မိဘများကို အမှူးထားကာ ဦးသန့်ဇင်+ဒေါ်အေးမိမြိုင် Tet Nay Ayeyawaddy Group Co.,Ltd မိသားစုတို့မှ ရဟန်းရှင်လူ ပြည်သူအပေါင်းဖူးမျှော်ကြည်ညိုနိုင်ရန် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့တာဝန်ရှိသူများသည် ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)