Skip to main content

ပထမဆုံးအကြိမ် ကရာတေး ဒိုင်နှင့်နည်းပြသင်တန်းဖွင့်

ရန်ကုန်   ဖေဖော်ဝါရီ   ၁၆

မြန်မာနိုင်ငံတစ်ဝန်း ကရာတေး အားကစားနည်းများ ကျယ်ကျယ် ပြန့်ပြန့် တိုးတက်ပွားများလာစေရန် ရည်ရွယ်လျက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ကကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ပထမအကြိမ် ကရာတေး ဒိုင်နှင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်း ရှိ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ ချုပ်‌ လေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။

“အားကစားနည်း တစ်ရပ်မှာ နည်းစနစ်နဲ့ လေ့ကျင့်မှု ပေါင်းစပ် နိုင်မှ အောင်မြင်မှု ရရှိမှာဖြစ် ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ နည်းစနစ် မှန်ကန်ပြီး လေ့ကျင့်မှုပြည့်ဝတဲ့ ကရာတေး အားကစားသမားကောင်းတွေ ပေါ်ထွက်လာဖို့ရည်ရွယ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး က ကရာတေးနည်းပြနဲ့ ဒိုင်တွေကို ခေါ်ယူပြီး ဒီသင်တန်းကို ပို့ချဖွင့်လှစ် ပေးတာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ကရာတေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဝင်းဇော်က ပြောသည်။

အဆိုပါ ကရာတေးသင်တန်းသို့တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဒိုင်၊ နည်းပြနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး၊ နည်းပြ၊ ဦးစီးအရာရှိ စုစု‌ပေါင်း ၆၉ ဦး တက်ရောက်ကြပြီး သင်တန်း ကာလ အတွင်း စာတွေ့လက်တွေ့များ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၁ ရက်အထိဖြစ်ပြီး သင်တန်းပြီးဆုံးပါက စာမေးပွဲ စစ်ဆေးကာ A အဆင့်၊ B အဆင့်၊ C အဆင့် စသည်ဖြင့် အောင်လက်မှတ် များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသသို့ ရောက်ရှိသည့် အခါ ကရာတေးအားကစားနည်းကို နည်း စနစ်ကောင်းများနှင့် လေ့ကျင့်မှု မှန်ကန်သော အားကစားသမား ကောင်းများ ပေါ်ထွက်လာအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် ပြည်တွင်း၌ သာမက ပြည်ပ အဆင့် ပြိုင်ပွဲများအထိ အောင်မြင်မှုများရရှိအောင် ကြိုးပမ်း အားထုတ် သွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး